လေးနှစ်နီးပါးရှိလာပြီဖြစ်သည့် မြန်မာ့ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ တိုးလာနေပြီး လူဦးရေ ၃.၄ သန်းအထိ ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
မရပ်မနားဖြစ်ပွားနေသည့် တိုက်ပွဲများအပါအဝင် လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေသလို လူသားချင်းစာနာမှု အကျပ်အတည်းသည်လည်း ဆိုးရွားနေဆဲဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က နိုဝင်ဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် တိုက်ပွဲဒဏ်ကို ခံစားနေကြရသည်။
ကုလသမဂ္ဂ၏အစီရင်ခံစာအရ စစ်ကိုင်းတိုင်းသည် စစ်ဘေးတိမ်းရှောင်သူ ၁.၂ သန်း ကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူ အများဆုံးဖြစ်သည့် တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်သည်။
“စစ်ကိုင်းမှာ ကြည့်မယ်ဆိုရင် တိုက်ပွဲမဖြစ်တာဆိုလို ခန္တီး၊ နာဂထဲက လေရှီး၊ လဟယ် ဒီလောက်ပဲရှိမယ်။ ကျန်တဲ့မြို့နယ်တွေ အကုန်လုံး တိုက်ပွဲတွေဖြစ်တယ်။ ဒီဘက် (ကချင်အစပ်) မှာဆိုရင် အင်းတော်ကစလို မန္တလေးနားက စစ်ကိုင်းအဆုံး၊ တမူးကနေကြည့်မလား မုံရွာနားထိ တိုက်ပွဲဖြစ်လိုက်၊ မိုင်းဆွဲလိုက်၊ ရွှေဘိုတို့ ဘာလို့လည်း ဖြစ်လိုက်ကြတာ ကားလမ်းဘေးရွာတွေဆို မီးတွေကိုလောင်လို့ ဒါကစစ်ကိုင်းတိုင်းရဲ့ အခြေအနေပဲ” ဟု ရှမ်းနီလူငယ်တစ်ဦးက စစ်ကိုင်းတိုင်းအခြေအနေကို ရှင်းပြပြောဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၃၇ ခုတွင် မြို့နယ် ၃ ခုခန့်သာ တိုက်ပွဲမဖြစ်ပွားသေးဘဲ မြို့နယ် ၃၄ ခုမှာ ၂၀၂၁ ခုနှစ်မှ စ၍ ၂၀၂၄ ခုနှစ် လက်ရှိအချိန်ထိ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည်။
ကုလသမဂ္ဂ၏ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့် စာရင်းများအရ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတို့သည် ဒုတိယနှင့် တတိယအများဆုံးလည်း ဖြစ်သည်။
ကုလသမဂ္ဂ၏ လူသားချင်းစာနာကူညီမှုစာရင်းများအရ ဇန်ဝါရီလမှ စက်တင်ဘာအထိ စစ်ကိုင်းတိုင်းရှိ လူဦးရေ ငါးသိန်းခွဲနီးပါးအထိကို လူသားချင်းစာနာမှုအကူအညီများပေးအပ်ထားပြီး လိုအပ်မှုထက်ဝက်နီးပါးကို ကူညီပေးထားကြောင်း ဖော်ပြထားသည်။
ရှမ်းနီအသံ ပေးပို့သည်။