အမေရိကန်ပြည်ထောင်စုသည် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိရေးကို ပံ့ပိုးရန် ရည်မှန်းထားပြီး မြေရှားသတ္တုအရင်းအမြစ်များ ရရှိရေး၊ ကုန်သွယ်ရေးတိုးချဲ့ရေး နှင့် ဒေသတွင်း ဩဇာလွှမ်းမိုးမှု မြှင့်တင်ရေးတို့ကိုလည်း ဦးစားပေးထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မဟာဗျူဟာစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။
ဩဂုတ်လ ၃၁ ရက်တွင် အတည်ပြုခဲ့သည့် စာမျက်နှာ ၁၁ မျက်နှာပါ US Mission to Burma မဟာဗျူဟာ စာတမ်းတွင် အမေရိကန်နိုင်ငံသားများအပေါ် သက်ရောက်နေသည့် လုံခြုံရေးခြိမ်းခြောက်မှုများကို တားဆီးရေး၊ စီးပွားရေးအခွင့်အလမ်းများ တိုးချဲ့ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပံ့ပိုးရေးနှင့် သံတမန်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်ချက်များ မြှင့်တင်ရေးတို့ကို အဓိကဦးစားပေးလုပ်ငန်းလေးရပ်အဖြစ် သတ်မှတ်ထားသည်။
ငြိမ်းချမ်းရေးအစီအစဉ်အရ အမေရိကန်အစိုးရသည် ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိနိုင်ရန် အထောက်အကူဖြစ်စေမည့် ခိုင်မာသော အပစ်အခတ်ရပ်စဲရေးကို ပံ့ပိုးရန် ရည်မှန်းထားသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများတွင် ကာလရှည်ကြာ အငြင်းပွားစရာဖြစ်နေသည့် ဘဏ္ဍာရေး ဆိုင်ရာ ဖက်ဒရယ်စနစ်နှင့် နယ်မြေသတ်မှတ်ရေးကိစ္စများအတွက် သဘောတူညီချက်များ သို့မဟုတ် မူဝါဒ အဆိုပြုချက်များ ရရှိနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သည့် ဆွေးနွေးပွဲ အနည်းဆုံး သုံးကြိမ် ပြုလုပ် ရန်လည်း စီစဉ်ထားသည်။
အထူးသဖြင့် ယင်းငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းမှုများကို မြန်မာနိုင်ငံ၏ မြေရှားသတ္တုအရင်းအမြစ်များ ရရှိရေးနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ နှိမ်နင်းရေးတို့နှင့် မဟာဗျူဟာစာတမ်းတွင် တိုက်ရိုက်ချိတ်ဆက် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် မြေရှားသတ္တုသိုက်များ အများအပြားရှိပြီး အချို့မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် တည်ရှိသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုများအတွက် အဓိက ဈေးကွက်တစ်ခုဖြစ်နေသည်။
ယင်းမဟာဗျူဟာသည် မြန်မာစစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့နှင့် အမေရိကန်အစိုးရ၏ ဆက်ဆံရေးပုံစံ ပြောင်းလဲလာနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
Reuters သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ Michael Vance အပါအဝင် အမေရိကန်တာဝန်ရှိသူများသည် မြန်မာအာဏာပိုင်များနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးမှုများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နှင့် သံတမန်ရေးအရ ဆက်ဆံမှုများ ကန့်သတ်ထားခဲ့သည့် အမေရိကန်၏ ယခင်မူဝါဒမှ ပြောင်းလဲလာမှုတစ်ရပ်ဖြစ်သည်။
သို့သော် အမေရိကန်အစိုးရသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်ဆက်နွှယ်သည့် လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများအပေါ် ပိတ်ဆို့အရေးယူမှုများကို ဆက်လက်ထားရှိနေဆဲဖြစ်သည်။
စီးပွားရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိသည့် ကုန်သွယ်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး သုံးခု ရရှိရေးနှင့် ၂၀၃၀ ပြည့်နှစ်အကုန်တွင် မြန်မာနိုင်ငံ၏ အမေရိကန်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်သွင်းမှုကို သုံးဆတိုးမြှင့်ရေးတို့ကို ရည်မှန်းထားသည်။
သွင်းကုန်လိုင်စင်ဆိုင်ရာ ကန့်သတ်ချက်များနှင့် နိုင်ငံခြားငွေ ပြတ်လပ်မှုတို့သည် ကုန်သွယ်ရေးတိုးချဲ့ရာတွင် အဓိကအတားအဆီးများဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
လုံခြုံရေးကဏ္ဍတွင် အမေရိကန်နိုင်ငံသားများအပေါ် သက်ရောက်မှုရှိနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရေးအား ဦးစားပေးထားသည်။
ထို့အပြင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသားများကို ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လည်း ရည်ရွယ်ထားသည်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အကူအညီအလိုအပ်ဆုံး ပြည်သူ အနည်းဆုံး သုံးသန်းထံ ရောက်ရှိရေးကို ရည်မှန်းထားပြီး အာဆီယံ၊ အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျနှင့် တောင်ကိုရီးယားနိုင်ငံတို့ အပါအဝင် ဒေသတွင်းမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လည်း စီစဉ်ထားသည်။
ယင်းမဟာဗျူဟာတွင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အမေရိကန်၏ သံတမန်ရေးနှင့် စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်။
သို့သော် စာတမ်းတွင် ဖော်ပြထားသည့် အချက်များမှာ အကောင်အထည်ဖော်ရန် ရည်မှန်းထားသော မူဝါဒများသာဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်များ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များ ရရှိပြီး ဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပေ။
ထို့အပြင် အဆိုပြုထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်မည်ဆိုသည်နှင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများအတွက် လက်ရှိပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့မည်၊ မဖြေလျှော့မည်ဆိုသည်ကိုလည်း ရှင်းလင်းဖော်ပြထားခြင်းမရှိပေ။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးရရှိရန် အခက်အခဲများရှိနေချိန်၌ ယင်းမဟာဗျူဟာသည် ပဋိပက္ခဖြေရှင်းရေးနှင့် ဒေသတွင်း လုံခြုံရေးကို အမေရိကန်၏ စီးပွားရေးအကျိုးစီးပွားများနှင့် ချိတ်ဆက်ဆောင်ရွက်လိုသည့် မူဝါဒကို ထင်ဟပ် စေသည်။
DMG