မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒနှင့် မကင်းကွာရန် အာဆီယံထံ အိတ်ဖွင့်ပေးစာ ပေးပို့

By MPM 4 နိုဝင်ဘာ, 2026 👁 55

အာဆီယံနိုင်ငံများအနေဖြင့် စစ်အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ထိတွေ့ဆက်ဆံရာတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒနှင့် မကင်းကွာဘဲ လက်တွေ့နိုင်ငံရေးရလဒ်များ ဖော်ဆောင်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီများ၊ ကြားကာလအစိုးရအဖွဲ့များနှင့် ဖက်ဒရယ်ယူနစ် လွှတ်တော်အသီးသီးတို့ ပူးပေါင်းတိုက်တွန်းခဲ့သည်။

ယနေ့ (နိုဝင်ဘာလ ၃ ရက်) တွင် အာဆီယံခေါင်းဆောင်များထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အနာဂတ်ကို မြန်မာပြည်သူများ၏ ဆန္ဒအပေါ် အခြေခံ၍သာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်

အဆိုပါ အိတ်ဖွင့်ပေးစာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စစ်အာဏာသိမ်းခေါင်းဆောင်နှင့် ထိတွေ့ဆက်ဆံမှု ဦးတည်ချက်များအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားသည်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာ၌ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုသည် ရည်မှန်းချက်တခု မဖြစ်သင့်သကဲ့သို့ တိုင်းတာနိုင်သည့် တိုးတက်မှုမရှိဘဲ စစ်အာဏာသိမ်း စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်သကဲ့သို့ မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။

စစ်အာဏာသိမ်းခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံရာတွင် အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ် ပေါ်ပေါက်လာရေးတို့အတွက် အမှန်တကယ် အထောက်အကူပြုမှု ရှိ၊ မရှိအပေါ် မူတည်၍ အကဲဖြတ်သင့်ကြောင်းလည်း အိတ်ဖွင့်စာတွင် တောင်းဆိုထားသည်။

ယင်းတောင်းဆိုချက်များသည် အာဆီယံဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ပါ ရည်ရွယ်ချက်များနှင့်လည်း ကိုက်ညီကြောင်း ထောက်ပြထားသည်။

ထို့အပြင် စက်တင်ဘာလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဈေးအနီး စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို ထောက်ပြပြီး အရပ်သားပြည်သူများကို ကာကွယ်ရန်နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေများကို လေးစားလိုက်နာစေရန် အာဆီယံအနေဖြင့် ပိုမိုပြတ်သားစွာ ဆောင်ရွက်ရန် တောင်းဆိုထားသည်။

စစ်အုပ်စုသည် အပြစ်ပေးအရေးယူမှုမှ ကင်းလွတ်ခွင့်ရသကဲ့သို့ ထင်မြင်ယူဆချက်များ ထွက်ပေါ်လာပါက အာဆီယံ၏ ယုံကြည်စိတ်ချရမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ကယား၊ ကရင်၊ မွန်၊ ရှမ်း စသည့် ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီများ၊ ချင်းပြည် (Chinland) လွှတ်တော်နှင့် အစိုးရ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ ဖက်ဒရယ်ယူနစ် လွှတ်တော်များ၊ စစ်ကိုင်းနှင့် မကွေး ကြားကာလအစိုးရများ၊ တနင်္သာရီတိုင်းလွှတ်တော်၊ မန္တလေးဒေသလွှတ်တော်နှင့် ကြားကာလအုပ်ချုပ်ရေးကောင်စီ စသည့် ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းအသီးသီးက စူးပေါင်းပေးပို့ခဲ့ကြခြင်းဖြစ်သည်။

မဇ္ဈိမ