မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်း ယာဥ်သွားလာခွင့် အကန့်အသတ်မရှိ ပိတ်ထားလို့ ယာဥ် ၇၀၀ နီးပါး ပိတ်မိနေ

By MPM 26 ဖေ‌ဖော်ဝါရီ, 2025 👁 9

မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်းက ခင်ဦးမြို့၊ ကန့်ဘလူမြို့ ဒေသတဝှိုက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ ဒေသကာကွယ်ရေးတပ်တို့နှင့် နှစ်ဖက်အကြား စစ်ရေးတင်းမာနေစဉ် ကာကွယ်ရေးတပ်ဘက်က ယာဥ်သွားလာခွင့်ကို အကန့်အသတ်မရှိ ပိတ်လိုက်တာကြောင့် ယာဥ်များ ရာချီပိတ်နေကြောင်း သိရသည်။

ယင်းသို့ မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်း ပိတ်ထားသည်မှာ တစ်ပတ်နီးပါးရှိလာသည်နှင့်အမျှ ယာဥ်တန်း ၇၀၀ နီးပါးပိတ်မိနေပြီး ကုန်တင်ဆောင်လာသည့် ကုန်စိမ်းနှင့် စားသောက်ကုန်တချို့ ပုပ်သိုးသွားသည်ဟု ကုန်တင်ယာဉ်မောင်း ကားသမားများက ပြောဆိုသည်။

ကားသမားတစ်ဦးက “ခရီးသည်ယာဉ် ကားသေး၊ ကားကြီး၊ ကုန်ကား၊ ဆီကားကအစ ၇၀၀ နီးပါရှိတယ်လို့ သိရပါတယ်။ ကုန်စိမ်းတင်လာတဲ့ကားတွေ ငါးပါတဲ့ကားတွေဆို အပုတ်နံတွေ ထွက်ကုန်ပြီ။ ကွမ်းရွက်နဲ့ ကွမ်းသီးတွေဆို ပုပ်ကုန်ပြီ” ဟု ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစ၍ ခင်ဦးနှင့် ကန့်ဘလူဒေသတဝှိုက် မြစ်ကြီးနား-မန္တလေး လမ်းပိုင်းကို ပိတ်ထားပေမယ့် အဆိုပါလမ်းပိုင်းတွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမျိုး မတွေ့ရှိရသေးဘူးဟု ကားသမားများက ပြောသည်။

ထိုသို့ကားလမ်းပိတ်ထားမှုကြောင့် ကားသမားများမှာ ကွင်းလမ်းအသုံးပြုသွားလာရတာကြောင့် ကားပျက်စီးမှုဒဏ်ကိုပါ ကြုံနေရသည်ဟု နောက်ထပ်ကားသမားတစ်ဦးက ပြောဆိုသည်။

“အခုက ကွင်းလမ်း၊ ဘာညာကနေ သွားခိုင်းတာတော့ ရှိတယ်။ ဒါပေမဲ့ အဲ့လမ်းတွေက ဆိုးတော့ ကားတွေကလည်း ပျက်ပြီး ပြန်ပိတ်မိကုန်တဲ့အခြေအနေပါ။ ဖြစ်နိုင်မယ်ဆိုရင် ခုရက်ပိုင်းတွေမှာ ကားနဲ့ ခရီးမသွားတာ ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

တဖက်တွင်လည်း မြစ်ကြီးနား – မန္တလေး လမ်းပိုင်းတွင် စစ်ကောင်စီနှင့် KIA၊ PDF နှစ်ဖက်တပ်တို့က စစ်သားစုဆောင်းမှု အပြင်းအထန် ပြုလုပ်နေသည့်အတွက် အရေးကြီးကိစ္စမရှိပါက ခရီးမသွားကြရန် ကားသမားများက အကြံပြုပြောဆိုသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့က အင်းတော်မြို့အတွင်း တိုက်ပွဲဖော်ဆောင်စဉ်ကတည်းက စစ်ရေးအခြေနေပေါ်မူတည်ပြီး မြစ်ကြီးနား-မန္တလေး လမ်းပိုင်းမှာ မကြာခဏပိတ်လေ့ရှိကြောင်း သိရသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားနေသည့်ကာလတွင် မြစ်ကြီးနား – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့၏ အခွန်ဂိတ်များ များပြားလာသည်ဟုလည်း ကားသမားများက ပြောဆိုကြသည်။

KNG ဖြစ်သည်။