မြစ်ကြီးနားမြို့တွင် စစ်ကောင်စီက ရပ်ကွက်နယ်မြေမှူးတချို့ကို စစ်သင်တန်းပေးနေ

By MPM 26 စက်တင်ဘာ, 2024 👁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်က နယ်မြေမှူးများကိုခေါ်ယူပြီး စစ်သင်တန်းပေးမှုတွေရှိနေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကစပြီး မြစ်ကြီးနားမြို့ပေါ် ရက်ကွက်တချို့မှ နယ်မြေမှူးများကို စစ်သင်တန်းပေးရန် စတင်အကောင်အထည်ဖော်လာခြင်းဖြစ်ပြီး လက်ရှိ၌ စစ်သင်တန်းတက်နေသော နယ်မြေမှူးများလည်းရှိနေပြီဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။

“ရပ်ကွက်နယ်မြေမှူးတွေကို စစ်သင်တန်းပေးနေတယ်။ သူတို့ရဲ့ခေါင်းစဉ်ကတော့ ရပ်ကွက်လုံခြုံရေးဆိုပြီး ပြောတယ်။ ရဲတွေမရောက်နိုင်တာကြောင့် ရပ်ကွက်နယ်မြေမှူးတွေ ပါဝင်လုပ်ဆောင်ရမယ်လို့ ပြောတယ်။ မကြာခင်တစ်သုတ် စစ်သင်တန်းဆင်းတော့မယ်” ဟု မြစ်ကြီးနားမြို့နေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာလုံခြုံရေးအတွက်ဟု ခေါင်းစဉ်တပ်ကာ နယ်မြေမှူးများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ရေးလေ့ကျင့်ပေးနေပြီး ယခုအပတ်အတွင်း စစ်သင်တန်းဆင်းမည့် နယ်မြေမှူးတချို့လည်းရှိနေပြီလို့ အဆိုပါဒေသခံအမျိုးသားက ဆက်ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့ပေါ်တွင် တပ်သားသစ်စုဆောင်းမှုကို ဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့သည့်အပတ်က မြစ်ကြီးနားမြို့ HAPPY KTV အတွင်း လူငယ်အများအပြားကို ဖမ်းဆီးသွားသည့်ဖြစ်စဉ်လည်း ရှိနေသည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။

ယခုကဲ့သို့ တပ်သားသစ်စုဆောင်းမှုအပြင် မြို့ပြင်ရပ်ကွက်တစ်ချို့ရှိ ဂိတ်စခန်းများ၌ လုံခြုံရေးတိုးမြင့်ကာ စစ်ဆေးရေး တင်းတင်းကြပ်ကြပ် လုပ်ဆောင်သည့်အပြင် အခွန်ကောက်ခံနေသည်ဟုလည်း မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ကစ၍ ဖုန်း၊ အင်တာနက်လိုင်းအားလုံး ဖြတ်တောက်ခံရပြီးနောက် မြစ်ကြီးနားမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ပူးပေါင်းတပ်က တိုက်ခိုက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းပျံ့နှံလာခဲ့သည်။

စစ်ကောင်စီတပ်က မြို့ပြင် ရွှေစက်၊ နောင်နန်း၊ ပလနနှင့် နမ်ကျင် ကျေးရွာ၊ မော်ဖောင်းကျေးရွာ စသည့် ကျေးရွာများတွင် လှုပ်ရှားသွားလာနေသည့်အပြင် မြစ်ကြီးနား – ဆွမ်ပရာဘွမ် လမ်းတကြော လှုပ်ရှားသွားလာကာ မြစ်ဆုံဒေသ တန်ဖရဲစစ်ကောင်စီတပ်စခန်းတွင်လည်း အင်အားဖြည့် လုံခြုံရေးတိုးမြင့်ကာ စစ်ရေးလှုပ်ရှားနေသည်ဟု နောင်နန်းဒေသခံတို့က ပြောသည်။

“မြစ်ဆုံ တန်ဖရဲဘက်ကို စစ်ကားတွေ ပုံမှန် တက်လိုက်၊ ဆင်းလိုက် လုပ်နေတယ်။ ပြီးရင် ပလန ကဝါးခဂိတ်မှာလည်း ပိုပြီးတင်းတင်းကြပ်ကြပ် စစ်ဆေးတယ်။ သူတို့ကို ကြည့်ရတာတော့ စစ်ရေးလှုပ်ရှားနေတယ်၊ ပြင်ဆင်နေတယ်လို့ ပြောနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် ညပိုင်း၌ မြစ်ကြီးနားမြို့ပေါ်ကို ဒရုန်းတွေနှင့် ကင်းထောက်ပြီး မသင်္ကာသည့်နေရာများကို ဝင်ရောက်စစ်ဆေးတာ၊ လက်နက်ကြီးရမ်းသန်းပစ်ခတ်နေသလို ဒီရက်ပိုင်းအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ဝိုင်းမော်၊ စန်းကားနှင့် ရွှေညောင်ပင်ဘက် တကြောကို လက်နက်ကြီးနှင့် ပုံမှန်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

KNG ပေးပို့သည်။