မော်လူးမြို့နှင့် ထီးချိုင့်မြို့တို့ကို တစ်ရက်တည်းအတွင်း လေကြောင်းနှင့် ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံး

By MPM 13 မေ, 2025 👁

စစ်ကိုင်းတိုင်းအထက်ပိုင်း မော်လူးမြို့နှင့် ထီးချိုင့်မြို့တို့ကို မေလ ၁၂ ရက်နေ့ တစ်ရက်တည်းမှာပင် စစ်ကောင်စီတပ်က လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတို့ထံက သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားသည့် အင်းတော်မြို့နယ်အတွင်းက မော်လူးမြို့ကို စစ်ကောင်စီတပ်က မေလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာ ၂ စီးနှင့် ဗုံး ၃ လုံးကြဲချခဲ့သည်ဟု အင်းတော်မြို့ဒေသတွင်းအခြေအနေကို ထုတ်ပြန်နေသည့် Indaw Revolution IR က သတင်းထုတ်ပြန်သည်။

“စစ်ကောင်စီဟာ အရပ်သားပြည်သူတွေရဲ့နေအိမ်အဆောက်အဦးတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ ဗုံးကြဲချမှုနဲ့ ရော့ကတ်တွေနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့တယ်” ဆိုသည်ကို ဒေသခံတို့ဆီက သိရှိရသည့်အကြောင်း Indaw Revolution IR က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းအပြင် မေလ ၁၂ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင်တွင် ထီးချိုင့်မြို့နယ် ငပိချောင်းရွာအနီးက မြတ်နိုးသူ သစ်ကွင်းတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်ဒေသတွင်း အခြေအနေကို ဖော်ပြပေးနေသည့် Tigyaing Revolution TR က သတင်းထုတ်ပြန်သည်။

ထီးချိုင့်မြို့ဒေသခံတစ်ဦးက “ဟုတ်ပါတယ်။ အထိအခိုက်တော့ လုံးဝမရှိပါဘူး။ ထီးချိုင့်မြို့နယ်တောင်ဘက် အစွန်းကို လာပြစ်သွားတယ်။ တောထဲက သစ်ကွင်းပါ။ သစ်တောလည်း ဘာမှမဖြစ်ဘူး။ ဘာမှထိခိုက်မှုမရှိဘူး” ဟု ပြောဆိုသည်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရသော နေရာသည် ထီးချိုင်မြို့နှင့် သပိတ်ကျင်းမြို့နယ်အစပ် ထီးချိုင့်မြို့နယ် တောင်ဘက် အခြမ်းအစွန်းဘက်မှာတည်ရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

ခုခံစစ်မှလွဲပြီး နိုင်ငံတစ်ဝှမ်းအပစ်ရပ်ကြောင်း ကြေညာထားသည့် စစ်ကောင်စီတပ်သည် နိုင်ငံတစ်ဝှမ်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒေသတို့ကို တစ်ဖက်သတ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝှမ်း အပစ်ရပ်ကြောင်း ကြေညာထားဆဲဖြစ်ပေမဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ မေလ ၁၂ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားစုစုပေါင်းဟာ ၆၆၂၄ ဦးအထိ ရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

KNG ပေးပို့သည်။