မောင်တောရှိ UN ရုံးအဆောက်အအုံများကို စစ်ကောင်စီ လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်

By MPM 13 စက်တင်ဘာ, 2024 👁

ရခိုင်ပြည်၊ မောင်တောမြို့ ၃ မိုင်နှင့် ဝေသာလီရွာအတွင်းရှိ လူသားချင်းစာနာမှုအကူအညီများပေးနေသည့် ကမ္ဘာ့ကုလသမဂ္ဂရုံး (UN) အဆောက်အအုံတို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရစရာမရှိအောင် ပျက်စီးသွားခဲ့ကြောင်း အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ UN အဆောက်အအုံများကို စစ်ကောင်စီက စက်တင်ဘာ ၉ ရက်၊ ည ၈ နာရီခွဲခန့်တွင် လေကြောင်းနှင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

AA ပြောခွင့်ရသူ ဦးခိုင်သုခက “အဲဒီမှာတော့ လုံးဝ တစ်ခုမကျန် ပြိုပျက်ပြီးတော့ အရမ်းပျက်စီးသွားတယ်၊ UN ရုံးတွေလေ။ UNHCR ရုံး၊ တခြားတခြားသော ရုံးတွေပေါ့လေ။ အားလုံးပျက်စီးသွားတာရှိတယ်” ဟု အတည်ပြုပြောဆိုသည်။

လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် UN ရုံးခြံအတွင်းရှိ ပင်မအဆောက်အအုံအပါအဝင် ဝန်ထမ်းဆောင်များ၊ လူနေအဆောင်များနှင့် ရုံးခြံအနီးရှိ လူနေအိမ်တချို့လည်း ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

UN ရုံးဝန်ထမ်းများအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များ၊ ဝန်ထမ်းများသည် မောင်တောမြို့တွင် တိုက်ပွဲများ ပြင်းထန်လာချိန်မှစတင်ပြီး ရုံးများကိုပိတ်ကာ ဘေးလွတ်ရာသို့ ရွေ့ပြောင်းတိမ်းရှောင်သွားကြသည်။

တိုက်ပွဲအတွင်း မောင်တောမြို့ပေါ်တွင် ပိတ်မိပြီးကျန်နေခဲ့ကြသည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များနှင့် ဝန်ထမ်းများကိုလည်း AA က ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့သည်ဟုလည်း သိရသည်။

UN ရုံးသည် မောင်တောခရိုင်အတွင်း ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) စသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

UN ရုံး အဆောက်အအုံကို စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်မှ ကာကွယ်နိုင်ရန် ရုံးခေါင်မိုးပေါ်တွင် အပြာရောင်အောက်ခံ၌ အဖြူရောင်ဆေးများဖြင့် “UN” စာလုံးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ မြင်သာအောင် ရေးသားထားကြောင်း သိရသည်။

ယင်းသို့ မြင်သာအောင် ထင်ထင်ရှားရှား ရေးသားထားခဲ့သော်လည်း UN ရုံးအဆောက်အအုံများကို ယခုလို လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုသည် UN လက်အောက်ခံအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှု အကူအညီပေးနေမှုများကို စစ်ကောင်စီက လက်မခံလိုသည့်သဘောကို ဖော်ပြနေခြင်းဖြစ်သည်ဟု ဦးခိုင်သုခက သုံးသပ်ပြောဆိုသည်။

“ဒီ UN အဖွဲ့အစည်းတွေက လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတော့ ဒီဟာကိုကြည့်ရင် အကြမ်းဖက်စစ်ကောင်စီက လူသားချင်းစာနာမှု အကူအညီတွေပေးတာကိုလည်းပဲ သူတို့က လုံးဝလက်မခံဘူးဆိုတဲ့သဘောကို ဖော်ပြတာလို့ပဲ ကျနော်ကတော့ အဲလိုပဲမြင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

UN အဆောက်အအုံများကို စစ်ကောင်စီက လေကြောင်းနှင့် ပစ်ခတ်ခဲ့ပြီးနောက် စက်တင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီက AA သိမ်းပိုက်ထားသည့် မောင်တောမြို့၊ အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ (နခခ-၂) ရှိ AA ၏ ယာယီအကျဥ်းစခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ထိုသို့ မောင်တောမြို့၊ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ နခခ -၂ ရှိ AA ၏ ယာယီအကျဥ်းစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းများအပါအဝင် လူဦးရေ ၅၀ ကျော် ပွဲချင်းပြီးသေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

နိရဉ္စရာ ပေးပို့သည်။