မောင်တောရှိ နခခ (၅) စခန်းကို AA က လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး မြေပြင်ထိုးစစ်ဆင်နေ

By MPM 13 စက်တင်ဘာ, 2024 👁

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်နောက်ဆုံးလက်ကျန် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၅) ကို အာရက္ခတပ်တော် AA က စက်တင်ဘာလ ၁၀ ရက်နေ့မှစပြီး လက်ကြီးများဖြင့် အပြင်းအထန်ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျှက် ရှိနေကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ဒေသခံတစ်ဦးက “ဒီလ ၁၀ ရက်နေ့ကစပြီး AA က နခခ (၅) ကို လက်နက်ကြီးတွေနဲ့ အပြင်းအထန်ပစ်နေတဲ့ အသံတွေ ဆက်တိုက်ကြားနေရတယ်။ မနေ့ကလည်း ကြားရတယ်။ နခခ (၅) အပြီးသတ်တိုက်ပွဲလား မသိဘူး။ သိမ်းမယ်လို့တော့ သတင်း‌တွေကြားရတယ်။ တိုက်ပွဲက လက်နက်ကြီးပစ်သံတွေကို ကြားရပါ” ဟု ပြောသည်။

စစ်ကောင်စီဘက်ကလည်း နခခ (၅) အနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်များဖြင့် နေစဉ်ရက်ဆက် ဗုံးကြဲမူများရှိနေပြီး၊ ရေတပ်မှ လက်နက်ကြီးများဖြင့် အဝေးကနေ လှမ်းပစ်ခတ်ပြီး ခုခံကာကွယ်ခြင်းများ ပြုလုပ်လျှက်ရှိနေသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ နခခ (၅) တပ်ရင်းက ဓာတုအဆိပ်ဓာတ်ငွေ့ဗုံးများကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု အာရက္ခတပ်တော် (AA) က သြဂုတ်လ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောမြို့အဝင်၊ မြို့သူကြီးရပ်ကွက်ရှိ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတပ်ရင်းကို ဘူးသီးတောင်အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အဖြစ် သတ်မှတ်ပြီး အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲရေးမှူးတပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုယ်တိုင် ဦးဆောင်ကာ ခုခံနေကြောင်း စစ်ကောင်စီတပ် အသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါလက်ကျန်စခန်းတစ်ခုဖြစ်သည့် နခခ (၅) စခန်းအား အလံဖြူထောင် လက်နက်ချအညံ့ခံရန် AA မှ ကမ်းလှမ်းထားကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အာရက္ခတပ်တော်သည် ဩဂုတ်လ ၄ ရက်နေ့မှစ၍ မောင်တောမြို့ မြေပြင်ထိုးစစ်ကိုစတင်ခဲ့ပြီး လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များရှိ စစ်ကောင်စီစခန်းများ အားလုံးကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီဟု သိရှိရသည်။

AA တိုက်ခိုက်နေသည့် နခခ (၅) သည် မြေပြန့်တွင်တည်ရှိပြီး ခြံစည်းရိုးသုံးထပ်အတွင်း မြေမြုပ်မိုင်း ထောင်နှင့်ချီပြီး ထောင်ထားသည့်အပြင် လေယာဉ်များဖြင့် အချိန်ပြည့် စစ်ကူတိုက်ခိုက်နေသဖြင့် တခြားစခန်းများထက် တိုက်ရပိုခက်ခက်ခဲနေသည်ဟု စစ်ရေးလေ့လာအကဲခတ်တစ်ဦးက ပြောဆိုသည်။

ယင်းအပြင် စစ်ကောင်စီသည် နခခ (၅) မကျစေရန် လေကြောင်းမှ အကြီးအကျယ် ခုခံကာကွယ်နေသလို လက်နက်နှင့် ရိက္ခာများကိုလည်း လေထီးဖြင့်ချကာ ဖြည့်တင်းပေးနေကြောင်း မျက်မြင် မောင်တောဒေသခံများက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ကပ်ရပ်တည်ရှိသည့် မောင်တောမြို့နယ်တွင် စစ်ကောင်စီဘက်က နခခ (၅) စခန်းတစ်ခုတည်းသာကျန်ရှိနေပြီး အဆိုပါစခန်းကို AA က မိုးတွင်းထိုးစစ်အဖြစ် ဆင်နွှဲလျက်ရှိနေပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။