မောင်တောဒေသတွင် ARSA များ ပြန်လည်ခြေကုပ်လာနေ၍ ဒေသလုံခြုံရေး စိုးရိမ်စရာဖြစ်လာနေဟုဆို

By MPM 21 ဩဂုတ်, 2023 👁

မြန်မာနိုင်ငံ၏ အနောက်တံခါးဖြစ်သည့် မောင်တောဒေသတွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) ဟု ခေါ်သည့် လက်နက်ကိုင်အဖွဲ့ ပြန်လည်ခြေကုပ်လာနေ၍ ဒေသလုံခြုံရေး အထူးစိုးရိမ်စရာ ဖြစ်လာနေသည်ဟု ဒေသခံများက ပြောသည်။

ARSA အဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ပြီး ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်း၊ ဒေသနေ မွတ်ဆလင်များထံမှ ငွေညှစ်တောင်းခံနေခြင်းနှင့် မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင်တချို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ရှိလာနေ၍ ဒေသလုံခြုံရေး အထူးစိုးရိမ်စရာ ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက “ဒေသအတွက်တော့ စိုးရိမ်ရတယ်ပေါ့။ ဒေသအတွက် သူတို့ ဘယ်လိုပုံစံမျိုး ပုံဖော်လာမယ်မှန်း မသိသေးဘူးလေ။ ဒေသခံပြည်သူတွေကတော့၊ အထူးသဖြင့် နယ်မှာရှိကြတဲ့ ဒေသခံပြည်သူတွေကတော့ စိုးရိမ်ရတဲ့ အခြေအနေတော့ ရှိတယ်လို့ သိရပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်၊ ညနေ ၆ နာရီခန့်က မောင်တောမြို့နယ်မြောက်ပိုင်း၊ စံပယ်ကုန်းကျေးရွာမှ ငါးပုစွန်လုပ်ငန်းပိုင်ရှင် ဦးဆာလာမန်ခန်း (ခေါ်) ဦးလှဝင်း (၃၂) နှစ် နှင့် ဦးအာရာဖတ် (၃၄) နှစ်တို့ နှစ်ဦးကို လောင်းဒုံနှင့် ကြိမ်ချောင်း ကျေးရွာသွား ကားလမ်းပေါ်တွင် ARSA အဖွဲ့ဝင် ၂ဝ ကျော်က လူမြင်ကွင်း၌ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

ဦးလှဝင်းတို့ စီးလာသည့် အိမ်စီးကားကိုလည်း ARSA က မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကြောဘက်သို့ ထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေရာ၏ အရှေ့ဘက်တွင် စစ်ကောင်စီ တပ်စခန်းတစ်ခုနှင့် နယ်ခြားစောင့် တပ်စခန်းတစ်ခုတို့ရှိပြီး တောင်ဘက်တွင် လောင်းဒုံကင်းစခန်းနှင့် မြောက်ဘက်တွင်လည်း ကင်းစခန်းတစ်ခု ရှိသေးသည်ဟု ဒေသခံများက ပြောသည်။

ယင်းနေ့က ARSA အဖွဲ့၏ လှုပ်ရှားမှုများကို အဆိုပါတပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက မြင်နိုင်ခဲ့သော်လည်း တစုံတရာ တုံ့ပြန်မှုမရှိဘဲ လက်ပိုက်ကြည့်နေခဲ့မှုမှာ ARSA ကို စစ်ကောင်စီက မွေးစားထားသလို ဖြစ်နေသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

မောင်တောမြို့နယ်မှ မွတ်ဆလင်အမျိုးသားတစ်ဦးက “ဒီလို စခန်းအများနားမှာ လူတွေကို ဖမ်းပြီးတော့ ခေါ်သွားလို့ရတာက လုံခြုံရေး အရမ်းစိုးရိမ်စရာပဲ။ ကျနော်တို့ ဒေသခံတွေ သုံးသပ်နေတာက ARSA အဖွဲ့ကို မြန်မာစစ်တပ်က မွေးစားနေသလိုမျိုး ဖြစ်သွားပြီ။ အဲလိုမျိုး မြင်ပါတယ်” ဟု ပြောသည်။

ARSA က ဖမ်းဆီးသွားသူနှစ်ဦးနှင့် ပတ်သက်ပြီး သြဂုတ်လ ၁၉ ရက်အထိ တစုံတရာ သတင်းအစအန မရ၍ အသက်အန္တရာယ်ကို စိုးရိမ်နေရသလို မောင်တောဒေသတွင် လုံခြုံမှု လုံးဝမရှိ ဖြစ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

အဆိုပါ မွတ်ဆလင်အမျိုးသားက “လုံခြုံရေးက လုံးဝ သူတို့ လုံခြုံရေး၊ လုံခြုံမှု မရှိဘူးပေါ့ ဒီနေရာမှာ။ မောင်တော၊ ဘူးသီးတောင်မှာ ပြောမယ်ဆိုရင်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေပိုင်းနှင့် ၁၉ ရက်၊ နံနက်ပိုင်းတို့ကလည်း ဘူးသီးတောင်မြို့နယ်၊ အာကာပျံနှင့် ကျောက်စာတိုင် ရွာကြားရှိ မယူတောင်ထဲ၌ ARSA အဖွဲ့နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မယူတောင်အတွင်း ARSA က ခြေကုပ်ယူရန် ကြိုးစားသည်ကို အနီးအနားကျေးရွာများမှ မွတ်ဆလင်များက အနီးရှိ စစ်ကောင်စီ တပ်စခန်းများသို့ တိုင်ကြားကြသော်လည်း တစ်ခုမျှ ဆောင်ရွက်ပေးခြင်း မရှိ၍ AA ထံ တိုင်ကြားရာမှ AA က သွားရောက် နယ်မြေရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းနေ့က တိုက်ပွဲအတွင်း ARSA ဘက်မှ ၁ဝ ဦး ထက်မနည်း ကျဆုံးပြီး တစ်ဦးအရှင် ဖမ်းမိခဲ့သလို AA ဘက်က ၂ ဦး အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကြားသိရကြောင်း AA နှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းသို့ဖြစ်ပွားအပြီး တိုက်ပွဲဖြစ်ပွားရာနေရာ အနီးတဝိုက်ဖြစ်သော သပိတ်တောင်၊ ကင်းချောင်း၊ စိမ့်ညှင်းပြား၊ နပျိုးချောင်းနှင့် ဖရုံချောင်း စသည့် ရွာများအနီးတွင် ဇူလိုင် ၂၁ ရက်မှ စတင်ကာ စစ်ကောင်စီက အင်အားရာနှင့်ချီ တပ်ဖြည့်ထားသည်ဟု ဒေသခံတိုသိရသည်။

ဒေသခံများ၏အဆိုအရ ARSA အဖွဲ့သည် သူတို့ကို မထောက်ခံသူများကို ဖမ်းဆီးခေါ်ဆောင်နှိပ်စက်ခြင်းများ၊ ပြန်ပေးဆွဲခြင်းများနှင့် ငွေညှစ်တောင်းခံခြင်းများကို ယခုနောက်ပိုင်း ခပ်စိပ်စိပ်ပြုလုပ်နေသည်ဟု သိရသည်။

အဆိုပါလုပ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရန်နှင့် ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရန် အတွက် ARSA များ ဝင်ရောက်လာမှု မရှိနိုင်စေရန် စစ်ကောင်စီအနေဖြင့် အလေးထား ဆောင်ရွက်ပေးရန် လိုသည်ဟုလည်း မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ထောက်ပြသည်။

“သူတို့ (အစိုးရ) က သိမှ၊ ကြားမှ အဲလိုပုံစံမျိုး မဟုတ်ဘဲ ကြိုတင်စီစဉ်ထားမှုတွေ၊ ကြိုတင်လုပ်ထားမှုတွေ ရှိနေဖို့ လိုအပ်တယ်လေ။ ဒါမှ ဟိုဘက်က ဝင်လာတယ်ဆိုရင်လည်း ဥပဒေစိုးမိုးမှုတွေ မရှိခဲ့ဘူး။ ငွေကြေး တောင်းစားမှုတွေ ရှိတယ်ဆိုရင်လည်း ဘယ်သူမှန်းမသိဘူး ဝင်လာတယ်ဆိုရင်တော့ အဲလိုမျိုးလေးတွေပေါ့။ အဲဒါတွေကိုတော့ တင်းကျပ်ထားဖို့ လိုတယ်လို့ ထင်မိတယ်” ဟု ၎င်းက ပြောသည်။

ARSA သည် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ် တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်း အများအပြားကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများရှိခဲ့၍ စစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့ရသည်။

ယင်းသို့ နယ်မြေရှင်းလင်းခဲ့မှုကြောင့် မောင်တောဒေသမှ မွတ်ဆလင် ၇ သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ တရားဝင် ပြန်လည် ဝင်ရောက် လာနိုင်ခြင်းမရှိသေးသည်ဟု သိရသည်။

ယင်းနောက်ပိုင်း ARSA သည် ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်တို့တွင်လည်း မောင်တောမြို့နယ်ရှိ နေရာအချို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ထိတိုက်တိုက်ပွဲတချို့ ဖြစ်ပွားမှုများ ရှိခဲ့သည်။

ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းနှင့် ရခိုင်ပြည်နယ်အတွင်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် စိမ့်ဝင်လှုပ်ရှားနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် စိမ့်ဝင်လှုပ်ရှားနေသည့် ARSA အဖွဲ့များကို ယခုနောက်ပိုင်း ဖော်ထုတ်ဖမ်းဆီးခြင်းများ ပြုလုပ်လာနေ၍ ARSA အဖွဲ့သည် ရခိုင်ပြည်ဘက်သို့ ထွက်ပြေးကာ ပြန်လည်ခြေကုပ်ယူလာနေခြင်း ဖြစ်နိုင်သည်ဟုလည်း ဒေသခံများ၏ သုံးသပ်မှုများ ရှိနေကြသည်။

နိရဉ္စရာ ပေးပို့သည်။