မောင်တောတွင် နယ်ခြားစောင့်စခန်းမှူးအပါအဝင် အရာရှိသုံးဦး စခန်းစွန့်ခွာ

0
467
ပုံစာ - ငါးခူရ နယ်မြေ (၅) နယ်ခြားစောင့်စခန်း

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းအခြေစိုက် နခခ (၇) လက်အောက်ခံ ငါးခူရ နယ်မြေ (၅) နယ်ခြားစောင့်စခန်း၏ စခန်းမှူးအပါအဝင် ရဲအရာရှိသုံးဦးသည် စခန်းမှ ထွက်ပြေးသွားကြကြောင်း ဒေသခံများထံမှ သိရသည်။

ငါးခူရ နယ်မြေ (၅) နယ်ခြားစောင့်စခန်းတွင် ဖမ်းဆီးထားသော တရားခံတစ်ဦးမှာ ဇူလိုင်လ ၃ ရက်နေ့က ထွက်ပြေးသွားသဖြင့် တရားခံအား လိုက်ရှာချိန်တွင် အရာရှိသုံးဦးမှာ မိသားစုဝင်များနှင့်အတူ ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ငါးခူရကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက “ထွက်ပြေးသွားတဲ့ နာမည်တွေတော့ မသိဘူး။ စခန်းမှူးနဲ့ဇနီး၊ ပြီးတော့ လက်အောက်အရာရှိ ၂ ယောက် ပါတယ်လို့ ကြားပါတယ်။ စစ်ကောင်စီတပ်သားတွေ အများကြီး သူတို့ကို လိုက်ရှာနေတာကိုတော့ ဒီနေ့တွေ့ရတယ်” ဟု ပြောသည်။

နယ်ခြားစောင့်စခန်းမှ ထွက်ပြေးသွားသည့် စခန်းမှူးအပါအဝင် ရဲအရာရှိ ၃ ဦးနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ငါးခူရ နယ်မြေ (၅) နယ်ခြားစောင့်စခန်းမှ တာဝန်ရှိသူများနှင့် အဆက်အသွယ်ရရှိရန် ကြိုးစားနေဆဲ ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကြိမ်ချောင်းအခြေစိုက် နခခ (၇) လက်အောက်ခံ စခန်းဗိုလ်ကြီး ဦးကျော်ဇံနိုင်ကို မေးမြန်းရာတွင် “ကျနော်တို့စခန်းနဲ့ သူတို့ (ထွက်ပြေးသွားတဲ့အရာရှိတွေ) စခန်းက နည်းနည်းဝေးတယ် ဆိုတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ဘာမှမကြားရသေးဘူး။ အခုတလော အလုပ်တွေလည်း တော်တော်ရှုပ်နေတာ ဆိုတော့ သတိမထားမိလိုက်ဘူး။ စုံစမ်းပြီး အကြောင်းထူးရင် ပြန်ပြောပေးမယ်” ဟု ပြောသည်။

လက်ရှိတွင် ငါးခူရ နယ်မြေ (၅) နယ်ခြားစောင့်စခန်းမှ ထွက်ပြေးသွားသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကားများဖြင့် လိုက်လံရှာဖွေနေသည်ကို တွေ့မြင်ရသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပစ်အခတ် ရပ်စဲပြီးနောက် စစ်ကောင်စီတပ်ဖွဲဝင်များ ထွက်ပြေးလာမှုများ ရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က မောင်တောမြို့နယ် မြင်းလွှတ် နယ်ခြားစောင့် ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၄ ဦးမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြသည်။

မတ်လ ၁၉ ရက်နေ့ ကလည်း ရသေ့တောင်မြို့နယ် နယ်ခြားစောင့်စခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး၊ ဧပြီလ ၁ ရက်နေ့က ဘူးသီးတောင် အခြေစိုက် ခလရ(၂၆၃) တပ်ရင်းမှ တပ်သားလင်မယားနှစ်ဦးတို့မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲဝင်များ ထွက်ပြေးလာကြခြင်းမှာ တစ်နိုင်ငံလုံးတွင် ရင်ဆိုင်နေသည့် တိုက်ပွဲများတွင် ရှုံးနိမ့်များရှိနေပြီး အသက်အာမခံချက် မရှိသည့်အတွက်ကြောင့်ဟု နိုင်ငံရေးလေ့လာသူများက ပြောကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here