မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

By MPM 22 ဖေ‌ဖော်ဝါရီ, 2026 👁 5

သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ဖေဖော်ဝါရီ ၂၀ ရက်အထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် မောက်မယ်မြို့နယ်ရှိ ဟံးဗွာရွာ၊ နောင်ထောဝ်ရွာ၊ ဗန်းမက်ကျေးရွာ စသည့် ကျေးရွာနေ ဒေသခံ တစ်ထောင်ဝန်းကျင်သည် နားဟီးကျေးရွာနှင့် နီးစပ်ရာကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဗန်းမက်ကျေးရွာအုပ်စုက ရွာ ၅ ရွာ ဒေသခံဆိုတော့ လူဦးရေက ၁၀၀၀ ဝန်းကျင်ထိရှိတယ်။ နားဟီးရွာမှာ စုပြီးစစ်ရှောင်နေကြရတာ။သက်ကြီးပိုင်း နှင့် ကလေးတွေတော့ များတယ်။ စားဝတ်နေရေးနဲ့ သောက်သုံးရေ အခက်အခဲတွေကတော့ ရှိနေပါတယ်။နွေရာသီဆိုတော့ ရေလည်းရှားတယ်လေ” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်တွင် ဗန်းမက်ကျေးရွာအနီးရှိ PNLA ဌာနချုပ်ကို စစ်ကော်မရှင်တပ်နှင့် လက်အောက်ခံ PNO တပ်ဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲများ ငြိမ်သက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဗန်းမက်ကျေးရွာအုပ်စုနေ ဒေသခံများသည် နေရပ်မပြန်နိုင်ကြသေးကြောင်း စစ်ဘေးရှောင်ကူညီသူအမျိုးသမီးတစ်ဦးက ပြောသည်။

“တိုက်ပွဲတော့ကတော့ ငြိမ်တာလည်း သိပ်မကြာသေးတော့ အခုအချိန်ထိ ကိုယ်ရွာကို မပြန်နိုင် ကြသေးပါဘူး။ တိုက်ပွဲကြောင့် နေအိမ်မီးလောင်လို့ ပြန်ဖို့ မဖြစ်သေးတာလည်းရှိတယ်ပြောတယ်။ ပြန်ဖို့ စိုးရိမ်နေကြသေးတာ လည်း ပါတယ်။လမ်းသွား လမ်းလာဖို့ကလည်း အဆင်မပြေ ကြသေးတာလည်းပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိထိုစစ်ဘေးရှောင်များတယ် နားဟီးကျေးရွာ၏ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်၊ ခန်းမဆောင်နှင့် အသိဆွေမျိုး အိမ်များတွင် စစ်ဘေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ထိုအပြင် နွေဦးရာသီဖြစ်သည့်အတွက် သောက်သုံးရန်ရေအခက်အခဲများလည်းကြုံနေရပြီး သောက်သုံးနောက်ဆက်တွဲ ဖြစ်လာနိုင်သည့် ဝမ်းပျက် ဝမ်းလျော၊ ယားနာ ရောဂါများအတွက် စိုးရိမ်ရကြောင်း ထိုစစ်ဘေးရှောင်ကူညီသူအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့် နားဟီးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်