မူးယစ်ဆေးကြောင့် နာဂအထက်တန်းကျောင်းသားတစ်ဦး သေဆုံး

By MPM 18 အောက်တိုဘာ, 2023 👁

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် မူးယစ်ဆေးကြောင့် ကျောင်းသား ၁ ဦးသေဆုံးပြီး၊ တစ်ဦး အရေးပေါ် ဆေးရုံတင်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

နန်းယွန်းမြို့ရှိ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးမှာ မူးယစ်ဆေးထိုးသွင်းရာမှ လျှော့ဖြစ်ပြီး သေဆုံး သွားသည့်အပြင် တစ်ဦးမှာ အရေးပေါ်ဆေးရုံတင်လိုက်ရသည်ဟု ဒေသခံများက ပြောဆိုသည်။

နန်းယွန်းဒေသခံတစ်ဦးက “ဖိုး (ဘိန်းဖြူ) ထိုးမှားလို့ သားလေးတစ်ယောက် သေတယ်။ ပြီးတော့ ဆေးထိုးမှား ပြီးတော့မှ ဆေးရုံတင်ရတယ်။ ဆေးရုံကပြောတာ ဖိုးထိုးမှားလို့တဲ့။ သေသွားတာတစ်ယောက်၊ ဆေးရုံတက် တာက ၁ ယောက်” ဟု ပြောသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာလ ဒုတိယပတ်ထဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် “ကောင်မလေးတစ်ယောက်က ၉ တန်းကျောင်းသူက ဆေးပြားမိတာ ကျောင်းမှာပေါ့။ အဲ့ကလေးမကိုတော့ ကျောင်းထုတ်လိုက်တယ်။ ဒီရက်ပိုင်းထဲ တကယ်ကျောင်းထုတ်လိုက်တာက ၂ ယောက်၊ ကလေးတွေတော်တော်များက ဆေးရောင်းကြတယ်။ ဆေးရောင်းတာ သိပေမယ့် မမိဘူး။ တစ်ယောက် နှစ်ယောက်ပဲ မိတာပေါ့။ မိတော့ ထုတ်လိုက်တာ” ဟု အဆိုပါ နန်းယွန်းဒေသခံက ဆက်ပြောသည်။

အာဏာသိမ်းပြီး နိုင်ငံရေး အခြေအနေများကြောင့် ဒေသတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တို့ကို စစ်ကောင်စီအနေဖြင့် မလုပ်ဆောင်နိုင်တော့သည့်နောက် မူးယစ်ဆေးပြဿနာမှာ အခြေအနေအတော်လေးကို ဆိုးရွာလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

နန်းယွန်းမြို့တွင် မူးယစ်ဆေးပြဿနာ အတော်ဆိုးရွာနေပြီး ရောင်းချသူ၊ သုံးစွဲသူများကို ဖမ်းဆီး အရေးယူမည့်သူပင် မရှိဖြစ်နေသည်ဟု ဒေသခံများနှင့် ရပ်မိရပ်ဖများက ပြောဆိုသည်။

ထို့အပြင် အထက်တန်း၊ အလယ်တန်းကျောင်းသူကျောင်းသားများကပါ ကျောင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ရောင်းချခြင်း၊ သုံးစွဲခြင်းများကို လုပ်နေကြသည်ဟု ၎င်းတို့က ဆက်ပြောသည်။

နန်းယွန်းဒေသခံ ကျောင်းသားမိဘတစ်ဦးက “နန်းယွန်းကျောင်းမှာက အများဆုံးကတော့ အလယ်တန်းနဲ့ အထက်တန်းလို့ ပြောတဲ့နေရာမှာ ရာခိုင်းနှုန်းအားဖြင့် အများဆုံးကတော့ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကလေး တွေ ၁၁ တန်း၊ ၁၂ တန်း ကလေးတွေတော့ သိပ်မကြားရဘူး။ အနည်းအကျဉ်းတော့ ရှိမှာပေါ့လေ။ အများဆုံးက တော့ ၈၊ ၉၊ ၁၀ ဝန်းကျင်ထဲမှာ အဓိကတွေ့ရတယ်။ အသက်အရွယ်အားဖြင့် ပြောမယ်ဆိုရင်တော့ ၁၄၊ ၁၆ ဝန်း ကျင်မှာ နောက်ဘယ်ချိန်ကတည်းက စဖြစ်သလဲဆိုရင် အရင်ကတည်းကလည်း သူဟာနဲ့သူတော့ ရှိကြတာပဲ။ အခုတော့ ပိုဆိုးလာတာပေါ့” ဟု ပြောသည်။

အထက်တန်း၊ အလယ်တန်း ကျောင်းသူကျောင်းသားများအပြင် “ကျောင်းမတက်တော့တဲ့ လူငယ်တွေ ကြား ထဲမှာ သုံးတာကိုတော့ အဓိကတွေ့ရတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကျောင်းထဲမှာ ကျောင်းတက်နေတဲ့ ကလေးတွေပါ သုံးတာတွေ့ရတယ်” ဟု အဆိုပါ ကျောင်းသားမိဘက ဆက်ပြောသည်။

ထို့အပြင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့် မြို့လည်းဖြစ်သည့် အိန္ဒိယ- မြန်မာနယ်စပ်မြို့ ပန်ဆောင်မြို့တွင်လည်း အထက်တန်း၊ အလယ်တန်း ကျောင်းသူကျောင်းသား လူငယ် အယောက် ၈၀ ခန့်က အုပ်စုဖွဲ့က မူးယစ်ဆေးရောင်းဝယ် သုံးစွဲနေကြသည်ဟု ဒေသခံများက ပြောသည်။

နန့်ယွန်းဒေသခံ လူလတ်ပိုင်း အမျိုးသားတစ်ဦးက “တရားဥပဒေစိုးမိုးမှုမရှိလို့ ဒါကိုထန်းသိမ်းပေးတဲ့ အဖွဲ့မရှိလို့၊ ဒီလူဆိုးထိန်းဖို့ကတော့ ရဲတွေမှာတာဝန် ရှိတာပေါ့။ ဒါပေမယ့် ရဲတွေကလည်း အလုပ်မရှုပ်ချင်ဘူးလေ။ အဲ့ကောင်တွေ ဖမ်းပြီးရင် အလုပ်ရှုပ်မယ်၊ နောက်ပြီးတော့မှ မူးယစ်ဆေးဝါး ဘိန်းဖြူရောင်းတဲ့ ကိစ္စတွေမှာဆိုရင် ရဲတွေကိုယ်တိုင် ပတ်သတ်နေတာရှိတယ်။ ပတ်သတ်နေတော့ လာဘ်စားတာမျိုး သူတို့ကိုယ်တိုင် ရောင်းတာလည်း ဖြစ်သလို လာဘ်စားနေတော့ နှုတ်ပိတ်နေတာရှိတယ်။ သူတို့က တာဝန်မဲ့တာပေါ့” ဟု ပြောသည်။

နာဂဒေသထဲသို့ ဝင်လာသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများသည် ကချင်ပြည်နယ်ဘက်မှ အဓိက ဝင်ရောက်နေခြင်းဖြစ်ပြီး ဒေသအတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်းမရှိတော့သည့်အပြင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင်က ဖြန့်ဖြူးရောင်းချနေသည်ဟု ဒေသခံများက ပြောသည်။

နာဂဒေသ နန်းယွန်းမြို့သည် ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကချင်ပြည်နယ် ဘက်မှ အဓိက ကုန်သွယ်ရသလို စစ်အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေးနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ဒေသဖြစ်သည်။

NMG ပေးပို့သည်။