ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲအတွင်း မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံသွားကြသော ဗိုလ်ကြီးတစ်ဦးအပါအ၀င် စစ်ကောင်စီတပ်သား အယောက် ၃၀ ကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်ပြီး ယနေ့ (နိုဝင်ဘာ ၂၉ ရက်နေ့) တွင် စစ်ကောင်စီထံ ပြန်ပို့လိုက်သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းတွင် ဖော်ပြထားသည်။
လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်သည့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က နို၀င်ဘာလ ၂၄ ရက်နေ့က အပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားများသည် လက်နက်ချ အညံ့မခံဘဲ တဖက်အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။
ဗိုလ်ကြီးရန်နိုင်ဦး ဦးဆောင်သော စစ်ကောင်စီတပ်သား အယောက် ၃၀ သည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင် နယ်စပ်ကျေးရွာ Tuipang ရွာတွင် တပ်စွဲထားသော အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ နို၀င်ဘာလ ၂၈ ရက်နေ့က ၀င်ရောက်ခိုလှုံခဲ့ခြင်း ဖြစ်သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းအရ သိရသည်။
ထိုသို့ ခိုလုံခဲ့ကြပြီး နောက်နေ့ (နိုဝင်ဘာ ၂၉ ရက်နေ့) မနက်ပိုင်း ၉ နာရီခွဲခန့်တွင် Tuipang ကျေးရွာမှ ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်သွားကြပြီး မဏိပူရ်ပြည်နယ် နယ်စပ်မြို့ မိုးရေက တဆင့် တမူးမြို့ဘက်သို့ လွှဲပြောင်းမည်ဟု မီဇိုရမ်ဒေသတွင်းသတင်း Bengvarna ၌ ဖော်ပြထားပါသည်။
ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် မြို့သိမ်းတိုက်ပွဲများအား ချင်းပြည်နယ်အတွင်း ဆက်တိုက် ဖော်ဆောင်ရာမှာ ရိခေါဒါရ်မြို့နှင့် သီးဘွာလ်းတပ်စခန်းက စစ်ကောင်စီတပ်သား ၇၁ ဦးသည်လည်း မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြရာ အိန္ဒိယဗဟိုအစိုးရက နို၀င်ဘာလအတွင်းမှာပဲ စစ်ကောင်စီထံ ပြန်လည် လွှဲအပ်ခဲ့ပြီးဖြစ်သည်။
KMG ပေးပို့သည်။