ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲက ဒိန်ဂါရွာမှ နေအိမ်တချို့ကို ဒေါ့ဖုန်းယန်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရသည်။
အောက်တိုဘာ ၁၅ ရက်နေ့၌ ဒေါ့ဖုန်းယန်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒိန်ဂါရွာထဲကို မနက် ၈ နာရီလောက်မှာ ဝင်ရောက်လာပြီး ကျေးရွာရှိ နေအိမ်တွေနဲ့ အဆောက်အအုံတချို့ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက အခုလို ပြောပါသည်။
“လုံဂျုံယန်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းတွေပဲ ဒိန်ဂါရွာကို ထပ်မံဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာဟုတ်တယ်။ မနက် ၈ နာရီကနေ စတင်ပြီး မီးရှို့တယ်။ အိမ်ဘယ်နှစ်အိမ် မီးလောင်သွားတယ်ဆိုတာတော့ ဘယ်သူမှ အတိအကျ မသိနိုင်ဘူး။ ဒိန်ဂါဘက် ဘယ်သူမှလည်း သွားလို့မရဘူး” လို့ ဒေါ့ဖုန်းယန်မှ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်က ဗန်းမော်ကနေ ဒေါ့ဖုန်းယန်ကို ဝင်ရောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဖြစ်ပြီး ဒေါ့ဖုန်းယန် မရောက်ခင် လုံဂျုံယန်ကျေးရွာက နေအိမ် ၁၁ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့က လုံဂျုံယန်ရွာက နေအိမ် ၁၁ အိမ်ကို မီးရှို့ပြီးနောက် ယင်းစစ်ကောင်စီ တပ်သားတွေ ဟာ ဒေါ့ဖုန်းယန် ခလရ ၁၄၂ စစ်တပ်ထဲ ဝင်ရောက်သွားခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်နေ့မှာ ဒေါ့ဖုန်းယန် ကနေ ဆက်လက်ချီတက်လာရာ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဒိန်ဂါရွာထဲက ဝင်ရောက်လာပြီး ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ အဆိုပါ စစ်ရှောင်ကူညီနေသူ က ဆက်ပြောသည်။
ရွာထဲက နေအိမ်ဘယ်လောက်ထိ မီးရှို့ခံလိုက်ရတယ်ဆိုတာကို ဒိန်ဂါရွာဘက်သို့ သွားလာလို့ မရတာကြောင့် အတိအကျ သိရဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ ၎င်းက ဆိုသည်။
အိမ်ခြေ ၁၈ အိမ်နီးပါးရှိတဲ့ ဒိန်ဂါရွာ ဒေသခံပြည်သူတွေကတော့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက တိုက်ပွဲ စတင် ပြင်းထန်လာတာကြောင့် ဒေါ့ဖုန်းယန်ထဲကို စစ်ရှောင်နေကြတယ်လို့ ဒေသခံများထံမှ သိရသည်။
“ဒိန်ဂါမှာ ရွာသားတွေတော့ တစ်ယောက်မှ မရှိတော့ဘူးပေ့ါ။ ဒါပေမဲ့ ဒီကြားထဲ အခင်းတွေ သွားလုပ်တာ၊ သွားကြည့်တာတွေပဲ လုပ်နေတယ်။ တိုက်ပွဲ ပြန်ပြင်းထန်လာတာကြောင့် အားလုံးဒေါ့ဖုန်းယန်ထဲ စစ်ရှောင်နေချိန် ရွာမီးရှို့ခံရတာပေါ့။ ဒိန်ဂါရွာခံတွေကလည်း ရွာမီးရှို့ခံရတယ်ကြားတော့ သူ့အိမ်၊ ကိုယ့်အိမ် ပါသွားပြီလား ဘယ်လိုလဲ ရင်တဒိတ်ဒိတ်နဲ့ သိချင်နေကြတဲ့သူတွေချည်းပဲ။ ဒါပေမဲ့ အခြေအနေက အဲ့ဘက်ဘယ်သူမှ သွားလို့မရဘူးဖြစ်နေတယ်” လို့ ဒေါ့ဖုန်းယန်မှ စစ်ရှောင်ကူညီနေသူက ပြောပါသည်။
ဗန်းမော် – ဒေါ့ဖုန်းယန်– နမ်ဆန်ယန်ကြားရှိ ကချင်ရွာတွေကို မီးရှို့ဖျက်ဆီးနေသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် တပ်မ ၈၈ လက်အောက်ခံ ခမရ ၇၇ ဖြစ်ကြောင်း သိရှိရသည်။
စစ်ရိက္ခာများ သယ်ဆောင်လာသည် စစ်ကောင်စီစစ်ကြောင်း ချီတက်လာချိန် ဒေါ့ဖုန်းယန်မရောက်ခင် လမ်းပိုင်းနေရာတချို့နှင့် ဒေါ့ဖုန်းယန်အကျော် ဒိန်ဂါနဲ့ ခလားကြားတွင် KIA တပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုခံရတာကြောင့် အထိနာပြီး ကျေးရွာပြည်သူနေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေ ပြောဆိုသည်။
KNG ပေးပို့သည်။