မိုးဗြဲရေကာတာဖောက်ချမှုကြောင့် ရေကြီးမြင့်တက်နေဆဲဖြစ်ပြီး ဒေသခံနှင့်စစ်ဘေးရှောင်များပါ ရွှေ့ပြောင်းကြရ

0
263

ရှမ်း – ကရင်နီနယ်စပ်ရှိ မိုးဗြဲရေကာတာ ရေတံခါးဖောက်ချခဲ့လို့ စပါးခင်းဧကထောင်ချီ ရေနစ်မြှုပ်ခဲ့ပြီး လတ်တလောအချိန်ထိ ရေကြီးမြင့်တက်နေဆဲဖြစ်တာကြောင့် ဒေသခံများအပြင် စစ်ဘေးရှောင်များလည်း ရွေ့ပြောင်းနေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့က မိုးဗြဲရေကာတာ ရေတံခါးဖောက်ချခဲ့ပြီးနောက် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာ ၊ ဘုရားဖြူကျေးရွာများတွင် ရေကြီးနစ်မြှပ်နေပြီး ဘီလူးချောင်းရေကြီး ရေလျှံတာကြောင့် ချောင်းတလျှောက်ရှိ စပါးခင်းများလည်း ရေနစ်မြှုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

မိုးဗြဲရေကာတာရေတံခါး ဖောက်ချခဲ့တာကြောင့် လွိုင်ကော်မြို့ ဘီလူးချောင်းဘေးတလျှောက် အနိမ့်ပိုင်းကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံများကို အရေးပေါ်ရွှေ့ပြောင်းကြရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပြောခဲ့ပြီး ၅ ရက်အတွင်း အရေးပေါ် ပြောင်းရွှေ့ရသူဦးရေ ၁၂၀၀ ဝန်းကျင်ရှိကြောင်း IEC ထံမှ သိရသည်။

လွိုင်ကော်မြို့ဘီလူးချောင်းဘေးတလျှောက်တွင် နေထိုင်ကြသည့် ဒေသခံများသည် ရေကြီးမြင့်တက်လာလို့ တိမ်းရှောင်နေကြရပြီး လတ်တလောတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် အမိုးအကာ၊ သောက်ရေသန့်များပါ ပေးဝေထားကြောင်း IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါသည်။

ဦးဗညားက “ လောလောဆယ်တော့ သောက်ရေသန့်တွေ မိုးကာတွေတော့ ဝေထားတာရှိပါတယ်။ နောက်ပြီး ဖယောင်းတိုင်တွေပါမယ်။ နောက်ပြီး တချို့ ဆား၊ ဆီတွေ ပါမယ်ပေါ့နော်။ လောလောဆယ်တော့ အဲ့ဒါ အခြေခံ ဖြန့်ဝေထားတာရှိတယ်” ဟု ဆိုသည်။

ရေကြီးမြင့်တက်နေသည်မှာ တပတ်နီးပါးကြာရှိပြီး လက်ရှိချိန်ထိလည်း ရေမြင့်တက်နေဆဲဖြစ်တာကြောင့် ဒေသခံများနှင့် စစ်ဘေးတိမ်းရှောင်နေထိုင်ကြသူများပါ ထပ်ဆင့် ရွှေ့ပြောင်းနေရတာကြောင့် လိုအပ်ချက် များနေသည်ဟုလည်း စစ်ရှောင်တစ်ဦးက ယခုလို ပြောဆိုသည်။

“လွိုင်ကော်ပြန်နေပြီး နောက်တခေါက် ထပ်ရှောင်ဆိုတော့ စစ်ရှောင်တဲ့ဘဝက အဆင့်ဆင့်ပဲဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ လိုအပ်ချက်တွေတော့ အများကြီးရှိတယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ အဓိက အခြေခံ စားဖို့သောက်ဖို့ နေဖို့ရှိဖို့ ပိုအရေးကြီးတာပေါ့” ဟု အဆိုပါစစ်ရှောင်က ပြောသည်။

ရေကြီးမြင့်တက်နေဆဲအပြင် မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် အမိုးအကာများ အရေးတကြီးလိုအပ်နေသည့်အပြင် သွားလာရေးတွင်လည်း အခက်အခဲများရှိနေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်များက ပြောဆိုကြသည်။

တဖက်တွင်လည်း လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်ကြသော ဒေသခံ တောင်သူလယ်သမားများအတွက် ကြီးမားသည့် နစ်နာဆုံးရှုံးမှုသာမက စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်ရတာကြောင့် ရေကြီးနစ်မြှုပ်ပြီး မရင့်မှည့်သေးသည့် စပါးခင်းတချို့ကို ရေထဲမှာပင် ရိတ်သိမ်းနေရသည်ဟု ဒေသခံတောင်သူများက ပြောသည်။

ဒီးမော့ဆိုမြို့နယ်ဒေသခံတစ်ဦးက “ရေက တရက်တရက်ကို နှစ်ပေ ၊ သုံးပေလောက် တက်နေတဲ့ အခြေအနေ လည်းဖြစ်တော့ မရိတ်လို့လည်း မဖြစ်တော့ဘူးဆိုပြီး ရိတ်လိုက်တာလည်း ရှိတယ်ပေါ့။ မရိတ်လို့လည်း မဖြစ်ဘူးပေါ့၊ မရိတ်လည်း ရေထဲမှာ အကုန်လုံးမြှုပ်တော့ ဘာမှမရတော့ဘူးပေါ့။ အခုကတော့ မမှည့်သေးဘူး မရသေးဘူး။ ဒါပေမယ့် တစ်ရက်စာရလည်း တစ်ရက်စာ၊ တစ်နပ်စာရလည်း တစ်နပ်စာပေါ့ဆိုတဲ့ဟာမျိုး ရိတ်ပြီးရင် ပြန်လှန်းမယ်လို့ပြောတယ်။ ရေထဲမှာရိတ်တယ်။ တအားစိမ်းတဲ့ဟာလည်း အကုန်လုံးရိတ်ရတယ်ပေါ့” ဟု ပြောသည်။

ဇူလိုင်လလယ်မှစ၍ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် စစ်ကောင်စီတပ်က မိုးဗြဲရေကာတာရေတံခါးကို ဇူလိုင် ၂၅ ရက်နေ့က ဖွင့်ချလိုက်ရာတွင် ဘီလူးချောင်း ရေကြီးရေလျှံပြီး ချောင်းဘေးတလျှောက် နေထိုင်ကြသည့် ကျေးရွာဒေသခံများနှင့် စစ်ဘေးတိမ်းရှောင်နေသူများပါ ရေကြီးမြှင့်တက်မှု ကြုံကြရပြီး ရွှေ့ပြောင်းနေထိုင် ကြရသည့်အတွက် စားနပ်ရိက္ခာနှင့် နေထိုင်ရေးအတွက် အမိုးအကာများ အရေးပေါ်လိုအပ်လျှက်ရှိနေကြောင်း ၎င်းတို့က ပြောဆိုကြသည်။

ကန္တာရဝတီတိုင်း (မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here