မိုင်းရယ်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ ၈ ဦးထက်မနည်း ဒဏ်ရာရရှိ

By MPM 9 အောက်တိုဘာ, 2024 👁

သျှမ်းပြည်၊ မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိပြီး ဒေသခံပြည်သူများ အထိတ်တလန့်ဖြစ်နေသည်ဟု သိရသည်။

အောက်တိုဘာလ ၉ ရက် နံနက်စောပိုင်း ၂ နာရီခွဲခန့်တွင် မိုင်းရယ်မြို့အနီးရှိ သကြားစက်ရုံ ဧည်ရိပ်သာနှင့် အလုပ်သမား နေအိမ်အဆောင်များကို စစ်ကောင်စီက လေကြောင့်ဖြင့် ဗုံး ၄ လုံး ကြဲချခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၈ ဦး ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

“ဒီနေ့မနက် ၂ နာရီခွဲမှာ စစ်တပ်က သကြားစက်ရုံရဲ့ ဧည်ရိပ်သာနဲ့ အလုပ်သမားနေတဲ့အဆောင်များကို လေယာဉ် ၂ စီးနဲ့ ဗုံး ၄ လုံး လာကြဲသွားတယ်။ မိန်းကလေး အသက် ၂၀ တစ်ဦး သေသွားတယ်။ ၈ ယောက် မကဘူး ဒဏ်ရာ ရတယ်။ အဲထဲက မိန်းကလေး ၂ ဦးက ခြေတဖက်စီ ပြတ်သွားတယ်။ ‌နောက်မိန်းကလေး ၁ ဦးက လက်တဖက် ပြတ်သွားတယ်။ စက်ရုံပိုင်ရှင်လည်း ဒဏ်ရာပြင်းထန်ရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများသည် မိုင်းရယ်ဆေးရုံနှင့် ကျေးသီးဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး စစ်ကောင်စီ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာရှိ သကြားစက်ရုံ ဧည်ရိပ်သာနှင့် အလုပ်သမားနေအိမ်အားလုံး ပျက်စီးသွားပြီး သကြားစက်ရုံပိုင်ရှင်နေအိမ်လည်း တစ်အိမ်လုံး ပျက်စီးသွားသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

မိုင်းရယ်မြို့အတွင်းရှိ ပြည်သူများနှင် မြို့အနီးရှိဒေသခံများသည် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အထိတ်တလန့်ဖြစ်နေကြပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သကြားစက်ရုံ အလုပ်သမားနေအိမ်နဲ့ သူဌေးအိမ်တော့ အကုန်ပျက်ကုန်ပြီ။ ဒဏ်ရာရတဲသူတွေတော့ ဆေးရုံမှာ ဆေးကုသနေတယ်။ သူဌေးက တရုတ်လူမျိုးဖြစ်တော့ ကိုးကန့်တပ် (MNDAA) ရောက်တယ်ထင်ပြီး ဗုံးလာကြဲ သွားတယ်။ အဲနေရာကို ဦးတည်ပြီးကို လာကြဲတာ၊ ပြည်သူတွေ တော်တော်ကြောက်ကြတယ်။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်” ဟု ၎င်းက ပြောသည်။

မိုင်းရယ်မြို့နယ် ဟိုယကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစပြီး အင်အားဖြည့်တင်းလာတာကြောင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သဖြင့် ဒေသခံပြည်သူများ တောင်ယာကြံစိုက်ခင်းသို့ မသွားရဲ ဖြစ်နေကြ ကြောင်း ပြောဆိုသည်။

ဇူလိုင်လလယ်ပိုင်းမှ စတင်ပြီး မိုင်းရယ်မြို့ပေါ်သို့ SSPP ဌာနချုပ် ဝမ်ဟိုင်းမှ တပ်အင်အား အများအပြား ဝင်ရောက်နေရာယူထားပြီး မြို့ပတ်လည်တွင် လုံခြုံရေးယူထားသော်လည်း လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီအချိန်တွင် စစ်ကောင်စီတပ်က ကောင်းမွန်ရွာကို ဗုံးလာကြဲတာကြောင့် ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများလည်းရှိခဲ့ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။