မိုင်းယုမြို့ အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်မှူးယာဉ်တန်း ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံး

By MPM 1 စက်တင်ဘာ, 2025 👁

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုင်းယုမြို့အခြေစိုက် အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်မှူး ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ယာဉ်မောင်းတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ (၂၄) ရက်တွင် မိုင်းယောင်းမြို့နယ် ဝမ်ဟွေ့ထမ့်ရွာ၌ မိုင်းယုမြို့အခြေစိုက် အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ် တပ်မှူး လုတ်ချာ ဦးဆောင်ပြီး ရွာသားများနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အပြန်တွင် ၎င်းယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ယာဉ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဥပုသ်ထွက်တဲ့နေ့က မိုင်းယုသွားတဲ့လမ်းဘက်က ဝမ်ဟွေ့ထမ့်မှာ အစည်းအဝေး လာလုပ်တဲ့ နယ်ခြားစောင့်တပ် ဗိုလ်မှူး ကိုလောက်ချာ အပြန်လမ်း လွယ်နမ့်ငင်းမှာ သေနတ်ပစ်ခံရတာ။ ကားမောင်းတဲ့လူ ခေါင်းထိပြီး ပွဲချင်းပြီးသေတယ်လို့ ပြောတယ်။ နောက်မှာ ပါလာတဲ့ ၃ ယောက်လည်း သေနတ်ပစ်ခံရပြီး ဒဏ်ရာရလို့ မိုင်းဖြတ်ကို ခေါ်သွားတာ တစ်ယောက် ထပ်သေတယ်” ဟု ဖြစ်စဉ်သိရှိသူ မိုင်းယုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းသေနတ်ပစ်ခတ်မှု မတိုင်မီက မိုင်းယုမြို့အခြေစိုက် အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ် တပ်မှူး လုတ်ချာ၏ စောင့်ရှောက်မှုဖြင့် တူးဖော်နေသည့် မြေရှာသတ္တုတွင်းသို့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ အခွန်ဆက်ကြေးအဖြစ် တရုတ်ယွမ်ငွေ (၃) သိန်း သွားရောက်တောင်းခံခဲ့ရာ ပေးဆောင်ရန် ငြင်းဆန်ခဲ့ပြီးနောက် နယ်ခြားစောင့်တပ်မှူး ယာဉ်တန်း ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

“တရုတ်လား ဝ လား မသိဘူး ခေါ်လာပြီး ၃၃၅ တပ် အပေါ်ဘက်မှာ မြေရှားသတ္တု လာတူးတာ။ အဲ့နေရာကို လက်နက်ကိုင်စစ်သားက အခွန် ယွမ်သုံးသိန်း လာကောက်တာ၊ လက်နက်ကိုင်နယ်မြေ မဟုတ်လို့ မပေးနိုင်ဘူးလို့ ပြောတာနဲ့ အဲ့ကိစ္စ ပြဿနာ ဖြစ်ကြတာ။ အခုထိ ပစ်တဲ့အဖွဲ့ကို မသိသေးဘူး၊ မိုင်းယုကနေ မိုင်းယောင်းသွားတဲ့လမ်းမှာလည်း စစ်သားတွေ အများကြီး စောင့်နေတာ” ဟု မိုင်းယုဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇွန်လအတွင်း၌ မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာအုပ်စုနေ အမျိုးသား (၁၀) ဦးကိုလည်း စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားပြီး နှစ်လကျော်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ မိုင်းယုမြို့နှင့် မိုင်းယောင်းမြို့တို့တွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာများက ကျေးရွာများသို့ ရွေးကောက်ပွဲအတွက် မဲပေးနည်းများ သွားရောက်သင်ကြားပေးနေကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် အတွင်း NDAA ထိန်းချုပ်ဒေသတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း (၁၉) ခုတိုးလာကြောင်းကိုလည်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က သြဂုတ် ၂၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့ ဘေးပတ်ပတ်လည်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ – ၃၁၁/ ၃၃၄/ ၃၃၅/ ၅၇၃ နှင့် အမြောက်တပ် ၃၉၈ တပ်ရင်းတို့ရှိသကဲ့သို့ မိုင်းယုမြို့တွင် အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ် ရှိနေသည်။

သျှမ်းသံတော်ဆင့်