မိတ္ထီလာခရိုင်တွင် ၃ လအတွင်း လူ ၁၂၀ ခန့် တပ်သားစုဆောင်းခံရ

By MPM 24 မတ်, 2026 👁 3

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ရှိ မိတ္ထီလာ ၊ သာစည်နှင့် ပျော်ဘွယ် မြို့နယ်သုံးခုတွင် ယခု ဇန်နဝါရီလမှ မတ်လအထိ သုံးလအတွင်း လူ ၁၂၀ ခန့် တပ်သားစုဆောင်းခံရကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

ထိုစာရင်းအချက်အလက်မှာ ယင်းမြို့နယ်သုံးခုရှိ သတင်းရင်းမြစ်များ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များထံမှ မဇ္ဈိမက လက်လှမ်းမီသလောက် ကောက်ယူထားသည့် စာရင်းဖြစ်သည်။ စာရင်းများကို သာစည်မြို့နယ်မှ သာယာကုန်းကျေးရွာ၊ ပျော်ဘွယ်မြို့နယ်မှ ကျီနီကျေးရွာနှင့် မိတ္ထီလာမြို့နယ်မှ ကွက်ငယ်ကျေးရွာတို့မှ စုဆောင်းထားခြင်းဖြစ်သည်။

“ခရီးသွားတွေက အစဆွဲတာ။ ရွေးရတာလည်းရှိပေမယ့် ပြန်မရွေးရတော့တာ များတယ်။ ကျွန်တော်ကြားတာသိတာနဲ့တင် ဒီတလကို ၅၀ လောက်ရှိပြီ။ တရွာကို တယောက်နှစ်ယောက်ဆွဲတာလည်း ရှိသလို ရွာတွေထဲ လူငယ်တွေစုနေတဲ့ နေရာတွေဆွဲတယ်။ ၁၆ ရက်နေ့ကဆို ကျီနီရွာ အိမ်ဝိုင်းအကြီးထဲက မိသားစုလုပ်ငန်းထဲဝင်ဆွဲတာ ၁၁ ယောက်ရှိတယ်” ဟု ပျော်ဘွယ်ဒေသခံက ဆိုသည်။

ကွက်ငယ်ကျေးရွာတွင် လူ ၂၀ နီးပါး၊ ကျီနီကျေးရွာတွင် လူ ၅၀ ကျော်၊ သာယာကုန်းကျေးရွာတွင် လူ ၂၀ ကျော်နှင့် သာစည်မြို့ပေါ်တွင် လူ ၂၃ ဦး ပေါ်တာဆွဲခံခဲ့ရခြင်းဖြစ်သည်။

တပ်သားစုဆောင်းရာတွင် နေအိမ်၊ အိမ်တွင်းအလုပ်ရုံ နှင့် ခရီးသွားဂိတ် များတွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး သာစည်မြို့နယ်တွင် ဗလီကျောင်းအတွင်းထိ ဝင်ရောက်ဖမ်းဆီးမှုများရှိကြောင်း သိရသည်။

ဒေသခံများ၏အဆိုအရ အဆိုပါမြို့နယ်များတွင်လည်း စစ်မှုထမ်းကြေးဟုဆိုကာ တအိမ်လျှင်ကျပ် ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ ကျပ် အထိ ကောက်ယူခြင်းများရှိကြောင်း သိရသည်။

သာစည်မြို့နယ်မှ တပ်သားစုဆောင်းခံရသူများသည် တပ်မ (၉၉) လက်အောက်ရှိ ခမရ (၁၁၃) နှင့် ခမရ(၃၁၅)သို့ အများဆုံးပို့ဆောင်ခံရပြီး ယခုနှစ် တပ်သားစုဆောင်းခံရသူများသည် မည်သည့်တပ်သို့ ပို့ဆောင်ခြင်းခံရသည်ကို မသိကြကြောင်း ဒေသခံများက ဆိုသည်။

ယခုလို စစ်ကော်မရှင်က ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် နယ်မြေအသီးသီးက တော်လှန်ရေးအင်အားစုများကလည်း ၎င်းတို့ဆီ ဝင်ရောက်ချိတ်ဆက်ကြရန် ကမ်းလှမ်းလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကော်မရှင်က အသက်သွင်းခဲ့သည်။

အပတ်စဉ်တခုအတွက် လူဦးရေ ၅,၀၀၀ ခေါ်ယူမည်ဟု ကြေညာထားပြီး ၂၀၂၆ ခုနှစ် မတ်လအတွင်း အပတ်စဉ် (၂၁) အထိ ရှိလာပြီဖြစ်သည်။

မဇ္ဈိမ