မလေးရှားသွားမည့်စက်လှေနှင့် လိုက်ပါလာသော ရိုဟင်ဂျာ ၁၆၇ ဦးကို ရေတပ်စစ်သ‌င်္ဘောက ဖမ်းဆီး

0
297
မလေးရှားသွားမည့်စက်လှေနှင့် လိုက်ပါလာသော ရိုဟင်ဂျာ ၁၆၇ ဦးကို ရေတပ်စစ်သ‌င်္ဘောက ဖမ်းဆီး

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် စက်လှေ ၂ စီးဖြင့် လိုက်ပါလာသည့် ရိုဟင်ဂျာ ၁၆၇ ဦးကို စစ်ကောင်စီလက်အောက်ခံ ရေတပ်စစ်သ‌င်္ဘောက ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စက်လှေ ၂ စီးဖြင့် လိုက်ပါလာသည့် အဆိုပါရိုဟင်ဂျာများမှာ မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ရန် ပွဲစားများနှင့် ချိတ်ဆက်ကာ ထွက်လာကြခြင်း ဖြစ်ကြောင်းနှင့် ရိုဟင်ဂျာ အမျိုးသား ၈၀ ဦး၊ အမျိုးသမီး ၈၇ ဦး၊ စုစုပေါင်း ၁၆၇ ဦး တို့ကို ဖမ်းဆီးခဲ့သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခုဖမ်းခံရတဲ့ ရိုဟင်ဂျာ ၁၆၇ ယောက်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးတွေလည်းပါတာ တွေ့ရတယ်။ ဘယ်‌နှစ်ယောက်လဲ ဆိုတာတော့ သေချာမသိဘူး” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက‌ ပြောသည်။

ဖမ်းဆီးထားသော ရိုဟင်ဂျာများကို ငပုတောမြို့သို့ ခေါ်ဆောင်လာကာ ရေသန့်စက်ရုံအတွင်း ထားရှိပြီး လက်ရှိတွင် လဝကနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆးမှုများ လုပ်ဆောင်နေသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးက “သူတို့ကို ကျန်းမာရေးစစ်ဆေးရာမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့လို့ သီးခြားထားပြီး ကုသပေးနေတယ်” ဟု ပြောသည်။

အဆိုပါ ရိုဟင်ဂျာများကို ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် နိုဝင်ဘာလ ၂ ရက်နေ့က ရေတပ်စစ်သင်္ဘောက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“သူတိုက ပွဲစားနဲ့ ချိတ်ဆက်ပြီး မလေးရှားကို အလုပ်လုပ်ဖို့ထွက်လာကြတာ၊ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောဘက်က ဒုက္ခသည်စခန်းတွေကလို့ သိရတယ်။ စက်လှေနဲ့ခေါ်လာတဲ့ မြန်မာလူမျိုး ၁၀ ဦးကိုလည်း ဖမ်းထားတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်း ယခုနှစ် မေလ ၅ ရက်နေ့ကလည်း ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် မောင်းနှင်လာသော စက်လှေပေါ်မှ ရိုဟင်ဂျာ အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၆၂ ဦးကို ဟိုင်းကြီးကျွန်းရေတပ်စခန်းမှ စစ်ရေယာဉ်က ဖမ်းဆီးခဲ့သေးသည်။

ထို့အတူ ဧပြီလ ၁၉ ရက်နေ့ကလည်း ငရုတ်ကောင်းမြို့၊‌ဂေါ်ရန်ဂျီကျွန်းအနီး ပင်လယ်ပြင်တွင် စက်‌လှေဖြင့် လိုက်ပါလာကြသော ရိုဟင်ဂျာများကို စစ်ကောင်စီလက်အောက်ခံ ရေတပ်က ဖမ်းဆီးခဲ့သေးသည်။

ဧရာ၀တီတိုင်းတွင် ၂၀၂၃ ခုနှစ်၊ ပထမ ၆ လအတွင်း ရိုဟင်ဂျာ အယောက် ၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယခုနှစ် သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးထောင်ချခံထားရသည့် ရိုဟင်ဂျာ အယောက် ၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here