မန္တလေးပြောက်ကျားတပ်ဖွဲ့နှင့် NUG ကာကွယ်‌ရေးဝန်ကြီးဌာန ပူးပေါင်းကြောင်း ထုတ်ပြန်

By MPM 12 ဧပြီ, 2023 👁

စစ်ရေးအရှိန်မြှင့်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းရခြင်းဖြစ်သည်ဟု မန္တလေးပြောက်ကျားတပ်ဖွဲ့က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအခြေစိုက် အောင်စည်တော်စစ်ဆင်ရေး (AST- MDY) ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ပူးပေါင်း၍ စစ်ရေးဖော်ဆောင်သွားမည်ဟု ထုတ်ပြန်လိုက်သည်။

AST- MDY ပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ဒါက ကျနော်တို့ အနေနဲ့ လုပ်ဆောင်ချက်အားလုံးဟာ တရားဝင်မှုနဲ့ MOD ရဲ့ လမ်းညွှန်မှုအောက်မှာ အမှားယွင်းမရှိ ဆက်လက် ရပ်တည်သွားမယ်လို့ အတည်ပြုရုံပါပဲ။ စစ်ဆင်ရေးတွေကတော့ အရင်တိုင်း သွားမှာပါ။ ထူးထူးခြားခြား ပြောင်းလဲတာမျိုးတော့ မရှိပါဘူး” ဟု ပြောသည်။

AST – MDY ၏ ဧပြီလ ၇ ရက်နေ့ ထုတ်ပြန်ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။ ထိုသို့ ပူးပေါင်းရခြင်းမှာ စစ်ရေးအရှိန်မြှင့်ရန် ရည်ရွယ် ချက်အပြင် ၎င်းတို့အဖွဲ့၏ လုပ်ဆောင်ချက်များ မှန်ကန်တိကျကြောင်းကို အမျိုးသား ညီ ညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အနေဖြင့် တရားဝင်အသိမှတ်ပြုခြင်းသာဖြစ်ပြီး ရှေ့ ဆက်လုပ်ဆောင်သွားမည့် စစ်ဆင်ရေးများအပေါ် သက်ရောက်မှု မရှိနိုင်ဘူးဟု AST- MDY ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူများက ပြောသည်။

လတ်တလောတွင် AST – MDF ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် တရားဝင် မဟာမိတ်ပူးပေါင်းမှုမှာ မန္တလေးခရိုင် (ပကဖ) တစ်ဖွဲ့တည်းသာ ရှိသေးသော်လည်း အတွင်းစည်းအရ ယခင်ကတည်းက ပူး‌ပေါင်း စစ်ဆင်ရေး ဖော် ဆောင်ခဲ့သည့် မဟာမိတ်များစွာနှင့် လက်တွဲနေဆဲ ဖြစ်သည်ဟု ဆိုသည်။

AST- MDY တပ်ဖွဲ့ အနေဖြင့် စစ်ဆင်ရေးများ ဖော်ဆောင်ရာတွင် တာဝန်ယူမှု တာဝန်ခံမှု လိုအပ်လာခြင်းကြောင့် MOD လက်အောက်ခံ တပ်ရင်းများနှင့် ပူးပေါင်းရခြင်း ဖြစ်သည်ဟုလည်း တပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။

“ကျနော်တို့က မြို့ပြပြောက်ကျား စစ်ဆင်ရေးအနေနဲ့ ရပ်တည်ထားတဲ့ အခါကျတော့ တိုက်ခိုက်ရေး လုပ်ဆောင်ချက်တိုင်းဟာ တာဝန်ယူမှု၊ တာဝန်ခံမှု အမှန်တကယ် လိုအပ်ပါတယ်။ လက်ရှိ အခြေအနေက စကစကို တိုက်ခိုက်ရမယ့် စစ်ရေးအရှိန်က မြင့်နေပြီပေါ့။ ဒါကြောင့် ကျနော်တို့ ကိုယ်တိုင်ထက် အဖွဲ့အားလုံးက MOD လမ်းညွှန်မှုနဲ့အတူ စကစကို ပူးပေါင်း တိုက်ထုတ်ဖို့ အချိန်ရောက်နေပြီလို့ ယူဆတဲ့အတွက် အခုလို ပူးပေါင်းရ တာပေါ့။ ပြည်သူတွေဘက်ကလည်း တတ်နိုင်သလောက် ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုပါတယ်။”

AST- MDY ပြောက်ကျားတပ်ဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း မကြာခဏစစ်ဆင်ရေး လှုပ်ရှားလျက်ရှိပြီး ပြည်သူများအတွက်လည်း အားကိုးနေရသောကြောင့် ယခုကဲ့သို့ MOD နှင့် ပူးပေါင်းရခြင်းသည် စစ်ရေးအတွက်များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ထောက်ပို့ ပြည်သူများက ပြောသည်။

AST- MDY တပ်ဖွဲ့သည် ဧပြီလ ၄ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၏ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်အား ၎င်းပိုင်ဆိုင်သည့် လန်ဒန်ဆေးရုံရှေ့တွင် ရှိနေစဉ် သေနတ်ဖြင့် ၁၀ ချက်တိတိ ပစ်ခတ်ကာ ရှင်းလင်းခဲ့ရာ အခင်းဖြစ်သည့် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

NMG – ပေးပို့သည်။