30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို စစ်ကောင်စီ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ရုံးအဆောက်အဦးနှင့် နေအိမ်များပျက်စီး

မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို စစ်ကောင်စီ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ရုံးအဆောက်အဦးနှင့် နေအိမ်များပျက်စီး

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ပေါ်ကို ဧပြီ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် အစိုးရရုံး အဆောက်အဦးနှင့်နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ဧပြီ ၂ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် မင်းတပ်မြို့ပေါ်တနေရာကို ပေါင် ၅၀၀ ဗုံး၊ ၂ လုံးဖြင့် ၂ ကြိမ် ဝဲပျံပြီး တိုက်ခိုက်သွားသည်ဟု မင်းတပ်ဒေသခံနှင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပြောဆိုမှုအရ သိရသည်။

“မြို့ထဲကို ကြဲတာပါပဲ။ ၂ ကြိမ်ကြဲပါတယ်။ နေအိမ်ပျက်စီးတာတွေ ရှိပါတယ်။ အဆောက်အဦတွေ ထိပါတယ်။ အရပ်သားပြည်သူတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။

မင်းတပ်မြို့ပေါ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် အဆောက်အဦ ၅ လုံးခန့် အကြီးအကျယ်ပျက်စီးသွားပြီး တခြားအဆောက်အဦး ၅ ခုမှာလည်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ဧပြီ ၁ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

အလားတူ ဧပြီ ၂ ရက်တွင်လည်း ကန်ပက်လက်မြို့ပေါ်ကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ကန်ပက်လက်ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ကန်ပက်လက်မြို့ပေါ်ကို ဧပြီ ၂ ရက်နေ့ နေ့လည် ၁ နာရီ မိနစ် ၂၀ တွင် တကြိမ်၊ နေ့လည် ၂ နာရီခန့်တွင် တကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ကန်ပက်လက်မြို့ပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ကျေးလက်ဒေသရုံးတို့ မီးလောင်ပျက်စီးသွားကြောင်း၊ ပညာရေးမှူးရုံးအနီးက နေအိမ်တစ်လုံးလည်း လုံးဝ ပျက်စီးသွားကြောင်း သိရသည်။

“ပြည်သူတွေကတော့ ဘေးကင်းတယ်ပြောရမယ်။ အားလုံးက အသံကြားတာနဲ့ ပြေးကြတယ်။ ထွေအုပ်ရုံးရယ်၊ ကျေးလက်ရုံးရယ်၊ လူနေအိမ်တစ်လုံးရယ် ထိသွားတယ်။ ရုံးတွေကို Target (ဦးတည်ချက်) ထားပုံရတယ်” ဟု ကန်ပက်လက်ဒေသခံတဦးက ပြောသည်။

မြို့ပေါ်နေပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် ချင်းတော်လှန်ရေး အင်အားစုများက အသိပေးနှိုးဆော်ထားသည်။

မတ်လ ၂၈ ရက်နေ့က ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိသည့် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတဝန်း ထိခိုက်သေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ပမာဏများပြားနေချိန်တွင် ငလျင်ဘေးအန္တရာယ် အရေးပေါ်ကာလအတွင်း စစ်ကောင်စီအနေဖြင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ ချက်ချင်းရပ်တန်ရန် ချင်းတော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့က တောင်းဆိုထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။

ငလျင်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက ယာယီအပစ်ရပ်ရန် ထုတ်ပြန်ချက်များထုတ်၍ ကမ်းလှမ်းထားသော်လည်း စစ်ကောင်စီက ဆက်လက်တိုက်ခိုက်မည်၊ လိုအပ်သော ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီခေါင်ဆောင် မင်းအောင်လှိုင်က ပြောဆိုထားသည်။

KMG ပေးပို့သည်။