မကွေးတိုင်း၊ မကွေးမြို့တွင် စက်သုံးဆီပြတ်လပ်နေသည့်အတွက် အကန့်အသတ်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောဆိုသည်။
ယခုကဲ့သို့ စက်သုံးဆီပြတ်လပ်နေသည်မှာ တစ်ပတ်ဝန်းကျင် ရှိပြီဖြစ်ပြီး ကား၊ ဆိုင်ကယ်နှင့် သုံးဘီးများအတွက် စက်သုံးဆီအရောင်းဆိုင်များက အကန့်အသတ်ဖြင့်သာ ရောင်းချနေသည်ဟု ၎င်းတို့က ပြောသည်။
“အဓိက ကတော့ မနက်ပိုင်းတွေ တန်းစီပြီး ဝယ်ရတာများတယ်။ ပြီးတော့ ဆီကုန်နေပါတယ်ဆိုပြီး ဆိုင်းဘုတ်ထောင်ထားကြတယ်။ စျေးကတော့ ထူးတက်တာမျိုးမရှိဘူး” ဟု မကွေးဒေသခံတစ်ဦးက ဆိုသည်။
မကွေးမြို့တွင် မော်တော်ယာဉ်၊ ဆိုင်ကယ်များ အဓိကအသုံးပြုနေရသည့် ဓာတ်ဆီ ပြတ်လပ်မှုက အဆိုးဆုံး ဖြစ်ပြီး ဝယ်ယူရခက်ခဲနေ၍ မြို့တွင်းရှိ စက်သုံးဆီ ရောင်းချသောဆိုင်များကို လှည့်လှည်ရှာဖွေကာ တန်းစီဝယ်ယူ နေရသည်ဟုလည်း ၎င်းတို့က ပြောဆိုသည်။
ဓာတ်ဆီတစ်လီတာလျှင် ၂၈၆၀ ကျပ် ဝန်းကျင်ရှိပြီး အကန့်အသတ်ဖြင့် အိမ်စီးကားတစ်စီးလျှင် ၄၀၀၀၀ ကျပ်၊ သုံးဘီးတစ်စီးလျှင် ၁၀၀၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်ဖိုးသာ ရောင်းချနေကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
“ဆိုင်တွေကတော့ ခြောက်ဆိုင်လောက်ရှိတယ်။ အကုန်ပြတ်တာပါ။ တစ်မြို့လုံး လှည့်ပြီး ရှာယူရတာပေါ့။ အရင်တခါလိုပါပဲ။ ဗဟိုဘဏ်က ဒေါ်လာထုတ်မပေးလို့ ဝယ်ရခက်တယ်လို့တော့ ပြောတယ်” ဟု မကွေးဒေသခံ ကိုကျော်ထက်က ပြောသည်။
စက်သုံးဆီရရှိရန် တန်းစီရသည့်အချိန် ကြာမြင့်ခြင်း၊ ဆီကားလာသည်အထိ စောင့်ဆိုင်းရမှုတို့ကြောင့် အခက်ခဲများဖြစ်ရကြောင်း ၎င်းက ဆက်ပြောသည်။
နေ့စဥ်နေ့တိုင်း စက်သုံးဆီလိုက်ရှာရသည့် အလုပ်တစ်ခု တိုးလာသည့်အပြင် အခြေခံလူတန်းစားများအတွက် ထိုသို့စက်သုံးဆီရရှိရန် အချိန်ပေးဝယ်ယူနေရသောကြောင့် လုပ်ငန်းခွင်၌အနှောက်အယှက်ဖြစ်ခြင်း၊ စက်သုံးဆီ အသုံးပြုရလည်ပတ်ရသော လုပ်ငန်းများတွင်လည်း ထိခိုက်မှုများရှိနေသည်ဟု ဒေသခံများက ပြောပါသည်။
စက်သုံးဆီဆိုင်ကြီးများက ရောင်းချသည် ဆီစျေးနှုန်းမှာ ဈေးမြင့်တက်သည်မရှိသော်လည်း ပြင်ပအရောင်းဆိုင်များက ရောင်းချနေသည့် စက်သုံးဆီစျေးမှာ လက်ရှိအချိန်တွင် တစ်လီတာလျှင် ၄၀၀၀ ကျပ်ပေးကာ ဝယ်ယူနေရသည်ဟု ၎င်းတို့က ပြောဆိုသည်။
သြဂုတ်လဆန်းပိုင်းကစ၍ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသော မြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် စက်သုံးဆီ လိုသလောက် ဝယ်ယူမရခြင်း၊ ပြတ်လပ်မှုများရှိလာခြင်းကြောင့် မော်တော်ယာဥ်နှင့် ဆိုင်ကယ်များ အချိန်ကြာမြင့်စွာ တန်စီးစောင့်ဆိုင်း ဝယ်ယူနေကြရကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။

