ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရ၊ နှစ်ဖက် အကျအဆုံးရှိ

By MPM 4 မေ, 2023 👁

ကရင်နီပြည် ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် (BPDF) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဘောလခဲမြို့တွင်းက စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊ မြို့မရဲစခန်း၊ ရုပ်သံလွှင့်ဌာနတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က ၇ ဦးသေဆုံးပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် ၁၁၀၅တပ်ရင်းမှ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၄ နာရီ မိနစ် ၅၀ ကစတင်ခဲ့ကာ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ သေဆုံးအလောင်းနဲ့ ဒဏ်ရာရလူနာတွေကို ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။

“ရဟတ်ယာဉ်နဲ့က ၂ရက်နေ့မှာ လာသယ်သွားတာပါ။ အရာရှိတွေပါမပါ မသိရသေးဘူး။စစ်ကောင်စီဘက် လှုပ်ရှားမှုက ကျနော်တို့က မြို့ထဲထိ ဝင်တိုက်ထားတာဆိုတော့ မြို့ထဲ လုံခြုံရေးအပြည့်ပါ။ ဟုတ်ကဲ့ စစ်ကောင်စီဘက်က မြို့ထဲမှာလုံခြုံရေးအပြည့် ချထားပါတယ်။ ဝင်စီးနင်းခဲ့တဲ့ နေရာအနီး ပတ်ပတ်လည် နဲ့ အခြားနေရာတွေမှာလည်း လုံခြုံရေး ထပ်တိုးချထားတယ်။” လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် (BPDF) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ G4 ၁ လက်၊ AK 22 ၁လက်၊ G4 ကျည်ဘောက် ၆ ဘောက်၊ AK ကျည်ဘောက် ၃ ဘောက်၊ လက်ပစ်ဗုံး ၁ လုံးနှင့် ကျည်ဆံအချို့တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဘောလခဲ PDF က ထုတ်ပြန်ထားပါတယ်။

ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်ကို ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် – ၁၁၀၅ တပ်ရင်း၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အမှတ် – ၁၁၀၈ တပ်ရင်း ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။