ရခိုင်ပြည်၊ ဘူးသီးတောင်မြို့မှ စစ်ကောင်စီတပ်မိသားစုများကို စစ်ရဟတ်ယာဥ်များဖြင့် စစ်တွေသို့ ရွှေ့ပြောင်း လိုက်ပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဘူးသီးတောင်မြို့ရှိ စစ်တပ်ဝန်ထမ်းမိသားစုများနှင့် ရဲဝန်ထမ်းမိသားစုများကို ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက် နေ့တို့က စစ်ရဟတ်ယာဥ်များဖြင့် စစ်တွေမြို့ကို ပြောင်းရွေ့ထားပြီး ဖြစ်သည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောပါသည်။
“လိုင်းတန်းထဲမှာနေတဲ့ စစ်သား၊ ရဲသားမိန်းမတွေ ကလေးတွေကို ရဟတ်ယာဥ်တွေနဲ့ စစ်တွေကို ပို့ထားပြီးပြီ။ အဲ့နေ့က တရက်မှာ လေယာဥ် ၈ ခေါက် ၁၀ ခေါက်လောက် အတက်အဆင်းရှိတယ်။ တခေါက်တလေကျရင် Mi အမျိုးအစား လေယာဥ်တွေနဲ့ အဲ့ဒီအစီးတွေမှာဆိုရင် အရာရှိတွေရဲ့မိသားစုတွေကို ပို့ဆောင်တယ် ထင်တယ်” ဟု ၎င်း ဆိုသည်။
ဘူးသီးတောင်မြို့ အနီးဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုရှိနေသလို ဘူးသီးတောင်အခြေစိုက် စကခ (၁၅) ကို ရက္ခိုင့်တပ်တော်က ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် စိုရိမ်ပြီး တပ်မိသားစုများကို ရွှေ့ပြောင်းခြင်း ဖြစ်သည်ဟု သိရကြောင်း အဆိုပါဘူးသီးတောင်မြို့ခံက ဆက်ပြောသည်။
ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ တပ်မ စကခ (၁၅) အပါအဝင် လက်ကျန်တပ်ရင်းများသည် မြို့နှင့်နီးစပ် သည့် အနီးဝန်းကျင်၊ ကျောက်တော်၊ ရသေ့တောင်မြို့ဘက်ကို အတွဲလိုက် ဒုံးကျည်၊ လက်နက်ကြီးများဖြင့် နေ့စဥ်လိုလို ပစ်ခတ်လေ့ရှိပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့ပေါ် တပ်ရင်းများမှ ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည်များသည် ရသေ့တောင်မြို့နယ် ခနောင်းကြီးရွာတွင် ကျရောက်ခဲ့သည်ဟု ရသေ့တောင်ဒေသခံတစ်ဦးက ပြောဆိုသည်။
“နေ့တိုင်းလိုလို ဘူးသီးတောင်ဘက်က စစ်တပ်နဲ့ ရဲတပ်တွေက လက်နက်ကြီးကျည်တွေ ပစ်ခတ်လေ့ရှိတယ်။ မနေ့က ဆိုရင်လည်း ရသေ့တောင်ဘက်ကိုပစ်တာ ခနောင်းကြီးမှာကျ တယ်Ó ဟု အဆိုပါဒေသခံက ပြောသည်။
ဘူးသီးတောင်မြို့တွင် စကခ (၁၅) လက်အောက်ခံ စစ်ကောင်စီတပ်တပ်ရင်း (၁၀) ရင်းနှင့် ရဲတပ်ရင်း (၃) ရင်းခန့် ကျန်ရှိနေသေးကြောင်း စစ်တပ်နှင့် နီးစပ်သည့်သတင်းရင်းမြစ်ထံမှ သိရသည်။
အလားတူ ကျောက်ဖြူမြို့နယ်မှ စစ်ကောင်စီတပ် မိသားစုဝင်များကိုလည်း ဖေဖော်ဝါရီ ၅ ရက်နေ့ကစတင်၍ ကုန်တင်သင်္ဘောဖြင့် ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်၍ စစ်တွေမြို့မှ စစ်ကောင်စီအရာရှိများ၏ မိသားစုများ၊ ဌာနဆိုင်ရာ အရာရှိများ၏ မိသားစုများကို ရန်ကုန်သို့ ပို့ဆောင်ထားကြသလို ဌာနဆိုင်ရာကားများ အပါအဝင် ပုဂ္ဂလိကပိုင် အိမ်စီးကားများကိုလည်း ဇန်နဝါရီလနောက်ဆုံးအပတ်က ရန်ကုန်သို့ ကုန်တင်သင်္ဘောကြီးဖြင့် ရွှေပြောင်း ပို့ဆောင်ထားကြောင်း မြို့ခံများက ပြောဆိုသည်။
နိရဥ္စရာ ပေးပို့သည်။