ဘုံသဘောတူညီချက် ၅ ချက်ကို ငြင်းဆန်ကြောင်း စစ်အုပ်စုရဲ့ အတုအယောင်လွှတ်တော်မှ အတည်ပြုချက်အား အာဆီယံ လက်မခံ

By MPM 14 ဇူလိုင်, 2026 👁 55

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအ‌ဝေးမှာ စစ်တပ်အသွင်ပြောင်း အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးက ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကနေ ငြင်းဆန်ကြောင်း အတည်ပြုခဲ့မှုအပေါ် တင်ပြခဲ့ပေမယ့် အာဆီယံက လက်မခံခဲ့ပါဘူး။

ဇူလိုင် ၁၂ ရက်နေ့က စစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို တက်ရောက်ခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီတွေ့ဆုံမှုအတွင်း ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး အာဆီယံရဲ့ အခြေခံမူတွေနဲ့ ကွဲလွဲနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် လိုသလို သုံးသပ်ပေးဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်က ဇူလိုင် ၉ ရက်နေ့မှာ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

ဒီအပေါ် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ရွေးကောက်ခံအစိုးရအနေနဲ့ အကောင်အထည်ဖော်သွားဖို့ တာဝန်ရှိပြီး မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေတွေနဲ့ ကိုက်ညီတဲ့ အပြုသဘောဆောင် ရှုမြင်သုံးသပ်မှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းကြောင်း ဦးတင်မောင်ဆွေက အလွတ်သဘောအစည်းအဝေးမှာ တင်ပြခဲ့တာပါ။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာအစိုးရအပါအဝင် သက်ဆိုင်သူတွေက လက်ခံတာဖြစ်စေ ငြင်းပယ်တာဖြစ်စေ အာဆီယံအနေနဲ့ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်တယ်လို့ အစည်းအဝေးပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ အစ်မတစ်‌ယောက်လို စောင့်ရှောက်ပေးထားမယ်ဆိုတဲ့အကြောင်း စစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် လာဇာရိုက ဆိုပါတယ်။

ဒီအပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးမယ်ဆိုရင် အာဆီယံဘက်က ကောင်းမွန်တဲ့ တိုးတက်မှုကို အတည်ပြုပေးနိုင်မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောကြားထားတာပါ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးမယ့် ကိစ္စအပေါ် စစ်အစိုးရဘက်က နှုတ်ဆိတ်နေပြီး နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ဖော်ပြထားတာ မတွေ့ရပါဘူး။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ကလည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ဘုံသဘောတူညီချက်တွေထဲက အချက် ၃ ချက်နဲ့ ပတ်သက်ပြီး သိသာမြင်သာတဲ့ တိုးတက်မှုတွေကို မြင်တွေ့လိုကြတယ်လို့ သတင်းမီဒီယာတွေကို ဖြေကြားထားတာပါ။

အဲဒီထဲမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးနဲ့ နိုင်ငံရေးမပါဘဲ အကူအညီလိုအပ်နေတဲ့ နိုင်ငံတစ်ဝန်းက ဘယ်နေရာမဆို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နိုင်ရေး ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး လာမယ့်လတွေအတွင်း ဘုံသဘောတူညီချက်တွေ တိုးတက်မှု ရှိလာရေးနဲ့ မြန်မာ့အရေး သက်ဆိုင်သူတွေကြား ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ရလဒ်ဖော်ဆောင်နိုင်ဖို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာရေးကိုလည်း မျှော်လင့်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားတာပါ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဘုံသဘောတူညီချက်တွေထဲက သုံးချက်ကို စစ်အစိုးရဘက်က လက်တွေ့ လုပ်ဆောင်နိုင်မှသာ အာဆီယံအသိုင်းအဝိုင်းထဲ ဝင်ဆံ့နိုင်မယ့် သ‌ဘောမျိုးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဘုံသဘောတူညီချက် ၅ ချက်ထဲက ပထမ သုံးချက်ကိုပဲ ပြန်ပြီးတော့ သူတို့က အတည်ပြုတာပါ။ ဒါပေမယ့် အရေးကြီးတဲ့ စကားလုံးကတော့ လူရာဝင်ချင်ရင် ရှေ့လျှောက် အခုဟာက အလွတ်သဘောကနေပြီးတော့ သူတို့ စောင့်ကြည့်မယ်။ အဲဒီအခြေအနေသုံးခုကို Demonstrable progress (သက်သေပြနိုင်တဲ့ တိုးတက်မှု) ရှိရင်တော့ မြန်မာစစ်တပ်အနေနဲ့ အာဆီယံအသိုင်းအဝိုင်းမှာ လူရာဝင်မယ်လို့ ထပ်ပြီးတော့ ပြောသွားတာပါ။ အဲဒီတော့ သေချာတာကတော့ ဗုံးပတ်ကြဲနေပြီး သေနတ်နဲ့ ကျည်ဆန်ပစ်နေပြီး ပြည်သူကို ဖိနှိပ်နေလို့တော့ အလကားနေရင်းနဲ့ အာဆီယံအသိုင်းအဝိုင်းထဲတော့ ပြန်ဝင်ခွင့်ရမှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

စစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးကတော့ အာဆီယံနဲ့ အဖြစ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်နေမှုတွေကို အလွတ်သဘောအစည်းအဝေးမှာ ရှင်းလင်းတင်ပြထားတာပါ။

ဒါ့အပြင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော်မှုအပါအဝင် လူသားချင်းစာနာမှုအကူအညီတွေ ဖြန့်ဝေမှု၊ ရှေ့ဆက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကိုလည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကနေ အရပ်သားအသွင်ပြောင်းအစိုးရအနေနဲ့ အာဆီယံရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုကို မရရှိသေးတဲ့အခြေအနေမှာ မြန်မာနိုင်ငံရဲ့ မူလအခန်းကဏ္ဍနဲ့ အခွင့်အရေးတွေ မကြာမီ ပြန်လည်ရရှိနိုင်မယ်လို့ မျှော်လင့်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအပေါ် အာဆီယံအနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ မျှမျှတတ ထိတွေ့ဆက်ဆံမှုမျိုး လုပ်ဆောင်နိုင်မှသာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဆန်တဲ့ အနာဂတ်ဖက်ဒရယ်ဆီ ဦးတည်စေမယ်လို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ်