ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း မေလပထမအပတ်မှစ၍ ကာစီနိုလုပ်ငန်းတချို့ ပြန်လည်ဖွင့်လှစ်လာသည့်အပြင် တရုတ်နိုင်ငံသားများလည်း မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်လာကြောင်း မြို့ခံများက ပြောသည်။
ဘုရားသုံးဆူမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ကာစီနိုလောင်းကစားဝိုင်းများကို ဒေသအတွင်းလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့တို့မှ ပိတ်သိမ်းရန် စာထုတ်ပြန်ခဲ့ပြီးနောက် ယခုမေလအတွင်း၌ ယခင်ကဖွင်လှစ်ခဲ့ကြသည့် ကာစီနိုလုပ်ငန်းတချို့မှာ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လာကြခြင်း ဖြစ်သည်။
မြို့ခံအမျိုးသားတစ်ဦးက “နေရာဟောင်းမှာပဲ ပြန်ဖွင့်ထားတယ်၊ အရင်ကတော့ ငါးပစ်ဂိမ်းတွေ၊ စလော့ဂိမ်းတွေ ထောင်ချီရှိပေမဲ့ အခုက ရာဂဏန်းလောက်ပဲ ပြန်ဖွင့်တယ်။ အကုန်လုံးပြန်ဖွင့်ဖို့ ရှိတယ်လို့လည်း ပြောနေတယ်။ သူတို့ပိတ်ထားတဲ့ဆိုင်နေရာတွေရော သန့်ရှင်းရေးတွေပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်။ အခုသွားဆော့တဲ့လူတွေလည်း သွားနေပါပြီ” ဟု ပြောဆိုသည်။
ဒေသတွင်းလက်နက်ကိုင်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံ KNU က ဘုရားသုံးဆူမြို့ရှိ လောင်းကစားဝိုင်းများအားလုံး အကန့်အသတ်မရှိပိတ်သိမ်းကြရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်တွင်ပြောဆိုခဲ့ပြီး DKBA ဘက်ကလည်း ကာစီနိုလောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မတိုင်မှ မြို့မှထွက်ခွာကြရန် ထုတ်ပြန်ခဲ့ပြီးနောက် ဘုရားသုံးဆူမြို့ပေါ်တွင် တရုတ်နိုင်ငံသားများ မတွေ့ရှိရတော့ကြောင်း မြို့ခံများက ပြောသည်။
လက်ရှိ၌ တရုတ်နိုင်ငံသားများ ပြန်ရောက်လာကြသလို ပြန်လည်ဖွင့်လှစ်ထားသည့် ကာစီနိုလောင်းကစားဝိုင်း များမှာ မီးစက်များဖြင့်လည်ပတ်နေပြီး ပြန်လည်မဖွင့်လှစ်ရသေးသည့် လောင်းကစားရုံတို့လည်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြသည်ဟု မြို့ခံများက ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က ဘုရားသုံးဆူမြို့ပေါ်တွင် ကျားဖြန့်ဟုယူဆရသည့် ငွေလိမ်လုပ်ငန်း လည်ပတ်နေသည်ဟုဆိုကာ ထိုင်းနိုင်ငံမှ ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်မြို့ ၅ မြို့ကို လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဖြတ်တောက်ထားခဲ့သည်မှာ ၃ လကျော် ရှိလာပြီဖြစ်သည်။
လက်ရှိတွင် တရုတ်လူမျိုးများ ဘုရားသုံးဆူမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်နေထိုင်လာကြပြီး၊ ယခင်ဌားရမ်းထားသည့် အဆောင်၊ တိုက်ခန်းများ၌ နေထိုင်နေသော်လည်း မြို့အတွင်းသွားလာနေခြင်း မတွေ့ရသေးဟု မြို့ခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
“အရင်နေရာမှာပဲ ပြန်လာနေတယ်။ သူတို့အလုပ် သူတို့လုပ်နေတာရှိတယ်။ အဲ့နေရာကိုလည်း သူတို့သေချာ ပြန်အပ်ပြီး ထွက်သွားတာမဟုတ်ဘူး။ အခုသူတို့နေရာ ပြန်နေနေပေမဲ့ တရုတ်တွေ မြို့မှာသွားလာနေတာတော့ မတွေ့ရသေးဘူး သူတို့ငှားထားတဲ့ ဒေသခံတွေပဲ ဈေးဝယ်သွားလာနေကြေတယ်” ဟု ၎င်းက ပြောသည်။
ထိုကာစီနိုလောင်းကစားဝိုင်းတို့ကို တရုတ်နိုင်ငံသားများက ဦးဆောင်ဖွင့်လှစ်ထားခြင်းရှိသကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းနှင့် အချိတ်အဆက်ရှိသည့် လုပ်ငန်းရှင်တို့မှ ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောဆိုသည်။
ထို့ပြင် ဘုရားသုံးဆူမြို့နှင့် ၁၅ ကီလိုမီတာခန့်ဝေးကွာသည့် DKBA အဆောက်အဦးနေရာများတွင် တရုတ်နိုင်ငံသား ရာနှင့်ချီနေထိုင်နေဆဲဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုနေပြီး DKBA အမှတ် ၂ ဗျူဟာမှုး စောအေဝမ်းမှ အဆိုပါနေရာအတွင်း တရုတ် call Center လိမ်လည်မှုစခန်း ဖွင့်လှစ်ထားသည်မှာ အမှန်တကယ်မဟုတ်ကြောင်း ထိုင်း PBS သတင်းအဖွဲ့ထံ ငြင်းဆိုထားသည်။
IMNA ပေးပို့သည်။