ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူဒေသတွင် မွန်ပြည်သစ်ပါတီ NMSP နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ အကြား နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဖက်တင်းမာနေသည့် အခြေအနေရှိနေ သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တို့ပြောဆိုမှုအရ သိရသည်။
DKBA က ဘုရားသုံးဆူနှင့် ဂျပန်ရေတွင်းရွာကြားရှိ မွန်ပြည်သစ်ပါတီ ဂိတ်စခန်းနှင့် ၂၅၀ မီတာခန့်အကွာတွင် စခန်းသစ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းလာခဲ့ရာ၌ အဆိုပါလုပ်ရပ်ကို မွန်ပြည်သစ်ပါတီက တားမြစ်ထား သော် လည်း DKBA က ဆက်လက်လုပ်ဆောင်နေသည့်အတွက် နှစ်ဖက်တင်မားသည့် အခြေအနေဖြစ်လာခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်သစ်ပါတီ NMSP တာဝန်ရှိသူတစ်ဦးက “စခန်းသစ်ဆောက်တာကို ရပ်တန့်ပေးဖို့ ကျနော်တို့က တားမြစ် သတိပေးထားတယ်။ ဒါပေမဲ့ သူတို့ဘက်က ကျနော်တို့တားဆီးနေတာကို နားမထောင်သလို လက်ခံပေးနိုင်တဲ့ အနေအထားမရှိဘူး။ သူတို့လုပ်ချင်သလို ဆက်လုပ်နေတယ်။ အဲကြောင့် ကျနော်တို့ဘက်ကလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်နေတယ်။ လောလောဆယ် သူတို့ရဲ့တာဝန်ရှိသူနဲ့ ကျနော်တို့နဲ့တွေ့ဆုံဆွေးနွေးနိုင်ဖို့ အရင် ကြိုးပမ်းသွားမယ်။ ဘယ်လိုလာမလဲတော့ မသိဘူး” ဟု ပြောသည်။
DKBA ဘက်ကလည်း ဂျပန်ရေတွင်းရွာထိပ်ရှိ မွန်ပြည်သစ်ပါတီ NMSP ဂိတ်စခန်းကို အမြန်ဆုံး ရုတ်သိမ်းပေးရန်နှင့် ဆုတ်ခွာပေးရန် ပြောဆိုလာသည်လည်း ရှိနေသည်ဟု မွန်ပြည်သစ်ပါတီ NMSP သတင်းအရင်းအမြစ် တို့ထံက သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း ဘုရားသုံးဆူဒေသတွင် NMSP ဂိတ်စခန်းအနီး DKBA က စခန်းအသစ် တည်ဆောက်ရန် ကြိုးပမ်းလာသည့်အတွက် DKBA နှင့် NMSP လက်အောက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် MNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။
မွန်ပြည်သစ်ပါတီ NMSP နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တို့သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချူပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလည်း ဖြစ်သည်။
IMNA ပေးပို့သည်။