ဘုတ်ပြင်းတွင် မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်

By MPM 13 မတ်, 2025 👁 7

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ယုဇနဆီအုန်းကုမ္မဏီပိုင် ဧက ၃၀၀ လုပ်ကွက်အနီး ဆီအုန်းခြံအတွင်း ဆီအုန်းခြံလုပ်သား အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်သွားသည်ဟု မြေပြင်သတင်းရင်းမြစ်တို့ထံက သိရသည်။

မတ်လ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ဆီအုန်းခြံလုပ်သား အသက် ၅၂ နှစ်အရွယ် အမျိုးသမီးကြီးသည် ဆီအုန်းခြံအတွင်း ပေါင်းမြက်ရှင်းနေချိန် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုနှင့် ကြုံခဲ့ရသည်ဟု ဆိုသည်။

မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အဆိုပါအမျိုးသမီးကြီး၏ ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားပြီး လက်ရှိတွင် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေကြောင်း သိရသည်။

ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တို့၏ ပြောပြချက်အရ အဆိုပါဒေသခံအမျိုးသမီးကြီး မြေမြှုပ်မိုင်းနင်းမိခဲ့သည့် ဆီအုန်းခြံ နေရာတွင် စစ်ကောင်စီတပ်က လာရောက်ကင်းပုန်းဝပ်တာရှိပြီး အဆိုပါမိုင်းက စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းဖြစ်သည်ဟု ပြောသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဆီအုန်းခြံများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို ကင်းပုန်းဝပ်လေ့ရှိပြီး ဒေသကာကွယ်ရေးအဖွဲ့များကို ချောင်းမြောင်းတိုက်ခိုက်မှုတို့ လုပ်ဆောင်နေသည်ဟု ဆိုသည်။

တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းနှင့် တိုက်ပွဲလက်ကျန် စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုတို့ကြောင့် အရပ်သားပြည်သူများ မကြာခဏဆိုသလို ထိခိုက်သေဆုံးမှုတို့နှင့် ကြုံတွေ့နေရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။