မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာနှင့် သပြေနီကျေးရွာအနီးတွင် ဧပြီလ (၂၉) ရက်နေ့က စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေ၍ ဒေသခံများ နေရပ်ပြန်မနေရဲကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ထိုနေ့မနက်က စစ်ကောင်စီတပ်များနှင့် KNLA တပ်ရင်း (၃) ပူးပေါင်းတပ်ဖွဲ့များ အလူးလေးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘီးလင်း မြင်သာတောင်စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သောလက်နက်ကြီးများမှာ အလူးလေးကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သလို ညနေပိုင်းတွင် သပြေနီကျေးရွာအနီးရှိ စစ်ကောင်စီ၏ သံတံတားစစ်ဆေးရေးဂိတ်စခန်းသို့ ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့် လက်နက်ကြီးများတုံ့ပြန်ပစ်ခတ်စဥ် သပြေနီကျေးရွာအတွင်းကျရောက်၍ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူသတင်းအရင်းအမြစ်နှင့်ဒေသခံများမှ သိရသည်။
ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် သပြေနီကျေးရွာ၊ အလူးလေးကျေးရွာနှင့်အလယ်ရွာများရှိ ဒေသခံများ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေသောကြောင့် စိုးရိမ်ထိတ်လန့်ကာ နေရပ်မပြန်ရဲသေးကြောင်း ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။
၎င်းက “တိုက်ပွဲကတော့ ဒီနေ့ငြိမ်နေတယ်၊ စစ်ဘေးရှောင်တော်တော်များများက မပြန်နေရဲကြဘူး။ အိမ်ကိုအခြေအနေပြန်ကြည့်တဲ့သူလောက်ပဲ ပြန်ကြတာရှိတယ်။ စစ်ရေးတင်းမာနေတယ်ဆိုတာကလည်း ကာကွယ်ရေးတပ်တွေရော စစ်ကောင်စီရောက နှစ်ဖက်လုံး သူချောင်းကိုယ်ချောင်း အခြေအနေ ဖြစ်နေတယ်။ တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်တယ်ဆိုတော့ တော်တော်များများက ပြန်မနေရဲကြသေးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါနေ့မနက်ပိုင်းက အလူးလေးကျေးရွာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီသတင်းပေးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် (၃) ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာအချို့က ဖော်ပြထားပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ကေအဲန်ယူ၏ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။
“လက်နက်ကြီး (၉) လုံး အလူးလေးရွာဘက်ကိုလှမ်းပစ်တာ ရွာဘေးက ကားလမ်းမပေါ်ကို (၁) လုံးကျတယ်။ နောက်ပြီး ဒေသခံတွေအလုပ်လုပ်ကိုင်တဲ့နေရာကို (၈) လုံးကျတယ်။ အရပ်သားထိခိုက်တာမရှိဘူး။ KNLA နဲ့ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမရှိဘူး။ စစ်ကောင်စီရဲ့ထိခိုက်ကျဆုံးကတော့ ကျနော်တို့မသိရသေးပါဘူး။” ဟု ၎င်းက ပြောသည်။
ထို့နောက် အဆိုပါနေ့ညနေပိုင်းက သပြေနီကျေးရွာအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး ထိခိုက်သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ ပြောကြားချက်အရ သိရှိရသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ (၁၉) ရက်နေ့က အလုံတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက အလူးလေးကျေးရွာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း ယခုတစ်ခါ တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်၍ ဒေသခံများ၏ စီးပွားရေးကောင်းမွန်စွာ မလည်ပတ်နိုင်ဘဲ ဘဝရပ်တည်ရေးခက်ခဲနေကြကြောင်း ဘီးလင်းမြို့ခံများက ပြောသည်။
နန့်ဆန်းထီ(KIC) – ပေးပို့သည်။