ဘီးလင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းလှည့်လည်ပြီး ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခြိမ်းခြောက်နေ

By MPM 11 မတ်, 2025 👁 6

KNU – ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ (၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် မတ်လ ပထမအပတ်မှစတင်ကာ စစ်ကောင်စီက အင်အားအများအပြားဖြင့် စစ်ကြောင်းလှည့်လည်ပြီး ၇၉ မမ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခြိမ်းခြောက်နေကြောင်း ဘီးလင်းတော်လှန်ရေး သတင်းအရင်းအမြစ်တို့က ပြောသည်။

ဘီးလင်းမြို့နယ် ရန်ကုန် – မော်လမြိုင် ကားလမ်းမကြီးနံဘေးရှိ သပြေနီ၊ ဇီးကုန်း၊ ဖိုးဝသိမ်၊ အလူး၊ ဝင်းပြန် စသည့် ကျေးရွာများကြားသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းလှည့်လည်နေသော စစ်ကောင်စီတပ်များက ၎င်းတို့ ယာယီနားနေရာ ဝန်းကျင်သို့ လက်ပစ်လောင်ချာဗုံးများ ပစ်ခတ်ခြိမ်းခြောက်နေလို့ ရွာနေလူထု ထိတ်လန့်ကြောက်ရွံ့နေကြောင်း သိရသည်။

ဘီးလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ သူတို့တပ်တွေက ရွာတစ်ရွာတစ်ရွာကြား တောင်ထန်း တောတွေမှာ လိုက်နေတာ။ တနေ့ညကလည်း ၇၉ သုံးလုံးထပ်ပစ်တယ်။ ပစ်ခြောက် ခြောက်တာပေါ့။ ရွာထဲတော့ မကျဘူး။ ရွာနဲ့အနီးအနားလောက်မှာကျတော့ ဘာပဲပြောပြောရွာသားတွေထိတ်လန့်တာပေါ့။ တချို့ရွာတွေကတော့ အိမ်ကရှောင်အိပ်ကြတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က ရွာများအကြား လူစားလဲကာ ကင်းလှည့်လည်သည့်ပုံစံဖြင့် စစ်ကြောင်းလျှောက် နေခြင်း ဖြစ်ပြီး ၎င်းစစ်ကြောင်းတွင် လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များလည်း ပါဝင်နေကြောင်း ဒေသသတင်းအရင်းအမြစ်က ဆိုသည်။

“ကားလမ်းနဲ့နီးတဲ့ ရွာတွေဘက်ကို ပိုရောက်တာ၊ တနေ့ကဆို ဝင်းပြန်ဘက်မှာ တစ်ဖွဲ့၊ အလူး အထပ်သား စက်ရုံနားမှာတစ်ဖွဲ့ လိုက်လျှောက်သွားတယ်။ ဒရုန်းနဲ့ပစ်ချလို့တမျိုး၊ စစ်ကြောင်းထိုးလို့တမျိုး သတိထားပြီး နေရတာပေါ့။ ရွာနားတွေလိုက်ပြီး ကင်းပုန်းဝပ်တဲ့အထဲက သူတို့စစ်သားတွေ ခဏခဏပြေးလို့ စစ်ကြောင်း ထိုးသလားတော့မပြောတတ်ဘူး” ဟု အလူးကျေးနယ်ခံ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ယင်းနှင့်ဆက်စပ်၍ အဝေးပြေးလမ်းမကြီးနံဘေး မကြာခဏကင်းပုန်းဝပ်တတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အတွင်း တပ်မှထွက်ပြေးသူအချို့ရှိလာသလို သပြေနီ သံတံတားထိပ်ရှိ စစ်ကောင်စီတပ်စခန်းမှတပ်ဖွဲ့ဝင်အချို့ တပ်ပြေးဖြစ်စဥ်လည်း များလာကြောင်း ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ထံမှ သိရသည်။

အလားတူ တပ်မဟာ (၁) နယ်မြေအတွင်းရှိ ကျိုက်ထိုမြို့နယ် အင်္ဂဘို၊ ကျောက်တန်း၊ မဲရုံးလေး ကျေးရွာများဘက်တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကြောင်းတက်လာခြင်းကြောင့် အသွားအလာဂရုပြုရသလို ဒေသခံအချို့ တောင်ယာများအတွင်း တိမ်းရှောင်နေထိုင်ရသည်ဟုလည်း ကျိုက်ထိုမြို့နယ် သတင်းအရင်းအမြစ်တို့က ပြောဆိုသည်။

KIC ပေးပို့သည်။