ဘင်္ဂလားဒေ့ရှ်နှင့် AA တို့ နယ်စပ်အရေး ဆွေးနွေး

By MPM 14 ဇန်နဝါရီ, 2026 👁

ရခိုင်ပြည် မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၁၃ ရက်က တက္ကနဖ်မြို့တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) နှင့် အာရက္ခတပ်တော် (AA) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ထိပ်ပိုင်းအရာရှိအချို့နှင့် အာရက္ခတပ်တော်ဖက်က ထိပ်ပိုင်းအရာရှိတို့ တက်ရောက်ခဲ့ကြပြီး နယ်စပ်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်က တွေ့ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း နယ်စပ်သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နယ်စပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများ၊ နယ်စပ်လုံခြုံရေး၊ မွတ်ဆလင် လက်နက်ကိုင်အရေး၊ ငါးဖမ်းသမားကိစ္စနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း နယ်စပ်အခြေအနေကို သိသူရှိများက DMG ကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့် အာရက္ခတပ်တော်တို့အကြား တွေ့ဆုံမှုနှင့်ပတ်သတ်ပြီး AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ DMG က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ယင်းအပြင် ဘင်္ဂလားဒေရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း စစ်ကောင်စီ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ် ဦးကျော်စိုးမိုးကို ဇန်နဝါရီလ ၁၃ ရက်က ဆင့်ခေါ်ပြီး သတိပေးမှုများပြုလုပ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းဌာနက ဖော်ပြသည်။

ဇန်နဝါရီလ ၁၁ ရက်က မောင်တော်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျီးကျွန်းနှင့် မိုင်တိုင် ၄၅ ပတ်ဝန်းကျင်ရှိ အာရက္ခတပ်တော်၏ နယ်စပ်စခန်းများကို မွတ်ဆလင်လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်အခြမ်းကို လက်နက်ကြီးကျည်နှင့် ကျည်ဆံများ ကျရောက်ပေါက်ကွဲခဲ့ကြခြင်းနှင့် ပတ်သတ်ပြီး မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ထို့သို့ ကျည်ဆံများ ကျရောက်ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်မြို့နယ်က အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲများအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသည့် ARSA တပ်ဖွဲ့ဝင် ၅၃ ဦးကို ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ခိုးဝင်မှုဖြင့် BGB က တရားစွဲထားကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြသည်။

BGB က ဖမ်းဆီးထားသူထဲတွင် ၁ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စစ်တကောင်းမြို့က ဆေးရုံတွင် ဆေးကုနေရသဖြင့် ၅၂ ဦးကို ဇန်နဝါရီ ၁၃ ရက်တွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ကျည်များ ကျရောက်ပေါက်ကွဲမှုသည် အလွန်စိုးရိမ်ပူပန်စရာဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ကာ အိမ်နီးချင်းကောင်း ဆက်ဆံရေးကို အဟန့်အတားဖြစ်စေသည်ဟု ဘင်္ဂလားဒေ့ရှ်က မြန်မာသံအမတ်ကို ခေါ်ယူသတိပေးခဲ့ခြင်းသည်။

လက်ရှိတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အန္တရာယ်ကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် အာရက္ခတပ်တော်က နယ်စပ်လုံခြုံရေးကို တိုးမြှင့်ကာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကို လိုက်လံရှင်းလင်းနေကြောင်း သိရသည်။

AA သည် နယ်စပ်တလျှောက်တွင် လူအင်အား၊ လက်နက်အင်အားအပြည့်ဖြင့် လုံခြုံရေးကို ယခင်ထက် တိုးမြှင့်ချထားပြီး ရှင်းလင်းရေးကို အင်တိုက်အားတိုက်လုပ်ဆောင်နေသည်။

DMG