27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မွတ်ဆလင်တချို့ ရခိုင်ပြည်ဘက်သို့ ဝင်ရောက်မှုရှိနေ

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မွတ်ဆလင်တချို့ ရခိုင်ပြည်ဘက်သို့ ဝင်ရောက်မှုရှိနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် စားဝတ်နေရေးအပြင် အခြားအကျပ်အတည်းများကို ရင်ဆိုင်လာရသဖြင့် ဒုက္ခသည်စခန်းအတွင်းမှ မွတ်ဆလင်များမှာ မိသားစုအလိုက် ရခိုင်ပြည်ဘက်သို့ ပြန်လည်ဝင်ရောက်မှုတို့ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က စားနပ်ရိက္ခာထောက်ပံ့မှုအဖြစ် ဒုက္ခသည်တစ်ဦးလျှင် လစဉ် ၁၂ ဒသမ ၅ ဒေါ်လာ ထောက်ပံ့ပေးရာကနေ ဧပြီလမှစတင်ကာ တစ်ဦးလျှင် ၆ ဒေါ်လာသာ ထောက်ပံ့ပေးလျက်ရှိနေသည်။

ဒုက္ခသည်များမှာ စခန်းအတွင်း စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကြုံလာရသဖြင့် ရခိုင်ပြည်ဘက်သို့ သွားကြခြင်းဖြစ်သည်ဟု ကူတူပါလောင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောဆိုသည်။

“ဒုက္ခသည်တွေက အပြင်မှာလည်းထွက်ပြီး အလုပ်လုပ်ခွင့်မရှိဘူး။ မိသားစုမှာ ကလေးငယ်တွေများတဲ့ မိသားစုတွေဆိုရင် ဘယ်လိုမှလုံလောက်မှု မရှိကြဘူး။ တချို့သောမိသားစုတွေကတော့ သူတို့ဇာတိဖြစ်တဲ့ ရခိုင်ဘက်ကို ရွှေ့ပြောင်းကြတာတော့ရှိတယ်။ ဒါကလဲ မိသားစုအနည်းငယ်ခန့်သာ ဖြစ်ကြတယ်။ ဒုက္ခသည်စခန်းမှာတော့ ဘယ်လိုမှ အဆင်မပြေကြဘူး” ဟု ၎င်းကပြောသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ရခိုင်သို့ဝင်ရောက်လာကြသော မွတ်ဆလင်များမှာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ မင်္ဂလာကြီး၊ ဦးရှဉ့်ကျ၊ ဦးသူလာ၊ ကျောက်လှေကား၊ လိပ်ရ စသည့် ကျေးရွာများနှင့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာတချို့တွင် ဝင်ရောက်နေထိုင်နေကြောင်း လေ့လာတွေ့ရှိရသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာသည့် မွတ်ဆလင်ဒုက္ခသည် အရေအတွက်နှင့် ပတ်သက်ပြီး အတိအကျ မသိရှိရသေးပေ။

နိုင်ငံတကာအကျပ်အတည်းများလေ့လာရေးအဖွဲ့ (ICG) က ဇွန်လ ၁၈ ရက်နေ့ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့အစည်းများသည် အာရက္ခတပ်တော်ကို တိုက်ခိုက်ရန်အတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းခြင်းနှင့် စစ်သင်တန်းပေးခြင်းများရှိနေကြောင်း ရေးသားဖော်ပြသည်။

ဤဖြစ်စဉ်များကြောင့် AA နှင့် ဘင်္ဂလားဒေ့ရှ်အကြား ဆက်ဆံရေးတွင် အဖုအထစ်များဖြစ်လာနိုင်ပြီး ဒုက္ခသည် နေရပ်ပြန်ရေး အစီအစဉ်များလည်း နောက်ပြန်ဆုတ်သွားနိုင်သည်ဟု ICG က သုံးသပ်ထားသည်။

ICG အစီရင်ခံစာနှင့်ပတ်သက်ပြီး ကော့ဘဇားရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် မည်သည့် စစ်ရေးလှုပ်ရှားမှုမျိုးမှမရှိဟု ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ငြင်းဆိုလိုက်ကြောင်း ဒါကာထရီဗျူးန်သတင်းတရပ်တွင် ဖော်ပြထားသည်။

ဒုက္ခသည်စခန်းများအတွင်း လက်နက်ကိုင်အဖွဲ့များမှ ဗိုလ်ကျစိုးမိုးမှုများ ရှိနေခြင်းမှာလည်း မွတ်ဆလင်ဒုက္ခသည်များကို ရခိုင်ဘက်သို့ ပြန်သွားရန် တွန်းအားဖြစ်စေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ ရခိုင်သို့ပြန်ဝင်လာသော မွတ်ဆလင်ဒုက္ခသည်များနှင့်ပတ်သက်ပြီး တချို့ကို စိစစ်၍ရသော်လည်း တချို့မှာ စိစစ်ရန်ခက်ခဲကြောင်း အာရက္ခတပ်တော် (AA) နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့က မောင်တောမြောက်ပိုင်းက မွတ်ဆလင်ကျေးရွာတွေမှာ နေထိုင်ဖို့လာကြတာ။ တချို့ဝင်လာသူတွေကို စိစစ်လို့ ရတယ်။ တချို့ ဝင်လာသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မသိလိုက်ရင် စိစစ်လို့မရတော့ဘူး” ဟု ၎င်းကပြောသည်။

၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သော မောင်တောဒေသအရေးအခင်းတွင် စစ်ကောင်စီတပ်၏ နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇ သိန်းကျော်သည် ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများကြောင့်လည်း မွတ်ဆလင်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံထွက်ပြေးမှုများ ရှိခဲ့သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းများ၌ မွတ်ဆလင်ဒုက္ခသည်အရေအတွက် လူဦးရေ ၁ ဒသမ ၂ သန်းအထိ ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများက ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်နှင့် လက်ရှိ စစ်ကောင်စီလက်ထက်တို့တွင် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိသေးပေ။

မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြီးကို မဖြေရှင်းနိုင်လျှင် မကြာမီကာလအတွင်း ဒေသတွင်း လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတရပ် ဖြစ်လာဖွယ်ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး တိုဟစ်ဟူစိန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဇွန်လ ၁၉ ရက်နေ့က ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသဖြင့် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်နှင့် ဆွေးနွေးရန်လိုအပ်ကြောင်း အကြံပြုချက်များ ထွက်ပေါ်လျက်ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။