ဗန်းမော်၊ စင်းခန်းရွာဘက်ကို စစ်ကောင်စီက လေကြောင်းအကူနှင့် မြေပြင်တွင် စစ်ကြောင်းထိုးနေ

By MPM 14 စက်တင်ဘာ, 2024 👁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ KIA ပူးပေါင်းတပ်သိမ်းပိုက်ထားသည့် စင်းခန်ကျေးရွာဘက်ကို စစ်တပ်က လေကြောင်းအကူနှင့် မြေပြင်စစ်ကြောင်းထိုးနေသည်ဟု ကာကွယ်ရေးတပ်များက ပြောဆိုသည်။

စက်တင်ဘာ ၁၂ ရက်နေ့က စပြီး ရွှေကူမြို့ကနေ အင်အား ၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်က မြေပြင် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တဆက်တည်း၌ လေကြောင်းကနေလည်း ဆက်တိုက်ပစ်ကူနေကြောင်း ရွှေကူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလိုပြောဆိုသည်။

“တိုက်ပွဲတော့ အဲလောက်မဖြစ်ဘူး။ သူတို့က ရွှေကူကနေ စစ်ကြောင်းထိုးလာတာ လေယာဉ်နဲ့ပစ်ပြီး စစ်ကြောင်း ဆက်တိုက်ထိုးလာနေတယ်။ ကျနော်တို့ ဆုတ်ပေးရမယ့် အခြေအနေဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ဩဂုတ်လနောက်ဆုံးအပတ်ကစပြီး မန္တလေးဂေါ်ဝိန်ဆိပ်ကမ်းကနေ စစ်လက်နက်တင်ထားသော သင်္ဘော ၂ စီး၊ စားနပ်ရိက္ခာတင်ထားသည့် သင်္ဘော ၂ စင်း အပါအဝင် သံခွန်မော်တော် ၄ စီးဖြင့်ပါ ဆန်တက်လာသည်ဟု ဆိုသည်။

မြစ်ကမ်းတလျှောက် ကာကွယ်ရေးတပ်ကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သင်္ဘော ၂ စင်း ပျက်စီးသွားပေမယ့် သံခွန်မော်တော်ယာဉ်နဲ့တွဲပြီး ရွှေကူဆိပ်ကမ်းအထိ ဆန်တက်ထားနိုင်ပြီဟု သိရသည်။

စက်တင်ဘာ ၄ ရက်နေ့တွင် သင်္ဘော ၄ စင်းနှင့် သံခွန်မော်တော်ယာဉ် ၄ စင်းတို့ ရွှေကူမှာရောက်ရှိလာပြီး ရွှေကူအထိုင်တပ်ဖြစ်တဲ့ ခမရ ၆၀၂ တပ်ရင်းဌာနချုပ်တွင် စစ်လက်နက်ရိက္ခာ ပို့ချပေးပြီး ဒီကနေ့ထိ ရွှေကူမြို့ဆိပ်ကမ်း၌ ရပ်နားထားဆဲဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သင်္ဘောများသည် ဗန်းမော်ဘက်အထိ ဆန်တက်နိုင်ရန် စင်းခန်းမြစ်ကူးတံတားကို ဖြတ်ရမှာဖြစ်ပြီး လက်ရှိတွင် စင်းခန်းရွာအပါအဝင် စင်းခန်းတံတားအားလုံးကို KIA၊ KPDF ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ထားသည်။

ထိုအခြေအနေကြောင့် ဗန်းမော်ဘက်ကို ဆက်ပြီးဆန်တက်နိုင်ရန် ရေကြောင်းထောက်ပို့လမ်း အသုံးပြုရာတွင် အရေးပါသော စင်းခန်းရွာနှင့် စင်းခန်းတံတားကို ထိန်းချုပ်ရန် လိုအပ်သည့်အတွက် စစ်ကောင်စီတပ်ဘက်က ယခုလို ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဗန်းမော်တက်ဖို့ စင်းခန်းတံတားကို ဖြတ်ရမှာ၊ စင်းခန်းက KIA ဘက်က သိမ်းထားတော့ အဲမှာကျော်နိုင်ဖို့ ခုလို စစ်ကြောင်း ထိုးလာတာပဲ။ နေအီမ်တချို့လည်း မီးလောင်ကုန်ပြီ၊ ဒေသခံတွေတချို့ ပြေးကြပြီ” ဟု ပြောသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်ဘက်က လေကြောင်းနှင့်ပါ ပစ်ခတ်တိုက်ခိုက်လာတာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးမှု ရှိသည့်အပြင် စင်းခန်း၊ မြလယ်၊ ဇင်းဘုံ စသည့် ကျေးရွာများက ဒေသခံပြည်သူများလည်း ထွက်ပြေး တိမ်းရှောင်နေကြရသည်။

စင်းခန်းကျေးရွာသည် ဗန်းမော်မြို့နှင့် ရွှေကူမြို့နယ်ကြားက ဧရာဝတီမြစ်ကြောင်းပေါ်တွင် တည်ရှိနေပြီး စစ်ကောင်စီတပ်အတွက် ဗန်းမောက်၊ မံစီဘက်ကို ရေကြောင်းနှင့် ထောက်ပို့လမ်းကြောင်းအသုံးပြုရာ၌ အရေးပါသော နေရာတွင်တည်ရှိသည့် ကျေးရွာလည်း ဖြစ်သည်။

KNG ပေးပို့သည်။