ကချင်ပြည်နယ်ရှိ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်က လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးနေသည့်အပြင် ဧပြီလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ဗန်းမော်မြို့၊ သီရိရတနာစျေးကြီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံသတင်းအရင်းအမြစ်များက ပြောဆိုသည်။
ဗန်းမော်သီရိရတနာစျေးကြီးသည် ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းအထိ မီးလောင်ကျွမ်းနေသည့်အပြင် တိုက်ပွဲကြောင့် လက်နက်ကြီးထိကာ မြို့တွင်းရှိ ကြီးမားသည့် အဆောက်အဦများလည်း မီးလောင်ပျက်စီးနေသည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
“စစ်ကောင်စီတပ်တွေ ဗန်းမော်မြို့ရဲ့စျေးကြီးကို မီးရှို့လိုက်ပြီ။ ပြီးရင် မနေ့ကတစ်ရက်ထဲ ဗန်းမော်မြို့ထဲက နေအိမ်တွေလည်း အများကြီးမီးရှို့ခံလိုက်ရတယ်။ ဒီကနေ့အထိ မီးလောင်နေတုန်းပဲ” ဟု ၎င်းကပြောသည်။
ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်က ဧပြီ ၂၅ ရက်နေ့ကစ၍ တဖန်ထိုးစစ်တိုက်ခိုက်နေပြီး တကျော့ပြန်တိုက်ပွဲဖြစ်သည့် ၆ ရက်အတွင်းမှာပင် ဗန်းမော်စျေးကြီးနှင့် လူနေအိမ်များပါ ထပ်မံမီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။
တဖက်တွင်လည်း ဗန်းမော်တိုက်ပွဲ ကြာမြင့်လာသည်နှင့်အညီ ဗန်းမော်မြို့ပေါ်ရှိ ဘာသာရေးနှင့်သက်ဆိုင်သည့် အထင်ကရအဆောက်အဦးများ မီးရှို့ဖျက်ဆီးခံရသလို ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဗန်းမော်၊ ရိုမန်ကက်သစ်လစ်ဘုရားကျောင်းဝင်းနှင့် San Patrick’s Cathedral ကျောင်းတော်ကြီး မီးလောင်ပျက်စီးခဲ့ရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လကဖြစ်ပွားခဲ့သည့် ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် လေကြောင်းအသုံးပြု နေ့ညမပြတ် ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီး ဒရုန်းများနှင့်ပါ ဆက်လက်ခုခံတိုက်ခိုက်သည့်အတွက် KIA တပ် သိမ်းပိုက်ထားသည့် နေရာတချို့ ပြန်လက်လွတ်ခဲ့ရသည်။
KIA လက်လွတ်လိုက်ရသည့် မြို့တွင်းစုပေါင်းရုံးနှင့် စစ်ကောင်စီတပ်နေရာယူထားသည့် ကာကင်းတပ်စခန်းတချို့ကို KIA ဘက်က တဖန်ထိုးစစ်တိုက်ခိုက်ခဲ့ပြီးနောက် ထပ်မံပြန်လည်သိမ်းယူခဲ့နိုင်သလို ခလရ ၄၇၊ စကခ (၂၁) နှင့် တက္ကသိုလ်ဝင်းနေရာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
ဧပြီ ၃၀ ရက်နေ့အထိ ဗန်းမော်မြို့တွင် နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောဆိုသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ပြီးခဲ့သည့် ၂၀၂၄၊ ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကာလ ၅ လခန့် ကြာမြင့်လာသည်နှင့်အညီ KIA ပူးပေါင်းတပ်က ဗန်းမော်မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကာလ ၅ လနီးပါးအတွင်း ဒေသခံသတင်းအရင်းအမြစ်တို့ဩ ပြောဆိုချက်အရ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးခဲ့သည့် အရပ်သားနေအိမ်စုစုပေါင်း ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးမှုခဲ့ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။
KNG ပေးပို့သည်။