ဖားဆောင်းတွင်လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ရှောင်ဒေသခံတချို့ ထိခိုက်ဒဏ်ရာရ

By MPM 7 မတ်, 2024 👁

ကရင်နီ (ကယား) ပြည်၊ ဖားဆောင်းမြို့အတွင်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်းရပ်ကွက်ထဲရှိ ကွက်သစ်ဘုန်းကြီးကျောင်းဗုံးထိမှန်ပြီး စစ်ရှောင် နေထိုင်ကြသည့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး -၂ ဦးဗညားက ပြောပါသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့၊ နေ့လည်ပိုင်းက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကွက်သစ်ဘုန်းကြီး ကျောင်းတွင် လာရောက်ခိုလှုံနေထိုင်သည့် ဒေသခံ ၃၀ ကျော်ရှိရာတွင် ယင်းတို့ထဲမှ ထိခိုက်သေဆုံးသူတချို့ ရှိပေမဲ့ ဆက်သွယ်ရေးလိုင်း အခက်အခဲကြောင့် အတိအကျ မသိရှိရသေးဘူးလို့ ၎င်းက ဆိုသည်။

“အကြမ်းအားဖြင့်တော့ သိတော့သိတယ်။ ဒါပေမဲ့ မသေချာဘူးလေနော်။ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးတဲ့ အသံတော့ ကြားတယ်။ ထိခိုက်ဒဏ်ရာရသူများတော့ အဲ့ဒီထဲကနေ တချို့ဆုံးတာလားတော့ မသိဘူးပေါ့နော်။ ၄၊ ၅ ယောက်တော့ ဆုံးတယ်ဆိုတဲ့ အသံ‌တော့ကြားတာပေါ့” ဟု ဦးဗညားကပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ များတယ်လို့ ဖားဆောင်းဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပါသည်။

“ဒီဘုန်းကြီးကျောင်းတော့ ဒေသခံ ၃၀ လောက်တော့ ကျန်အုံးမယ်လို့ ထင်တယ်လေနော်။ အဲ့မှာ လူတော်တော်များများ ပြောတယ် လူ ၃၀ လောက် ရှိမယ်။ ထိခိုက်မှု အခြေအနေကတော့ ဒဏ်ရာရတယ်။ ဒေသခံတွေ ဒဏ်ရာရတယ်လို့ပဲ ဆက်သွယ်ရတယ်ပေါ့နော်။ ဒီသေတာတော့ အတိအကျ မသိရသေးဘူး။ ဒဏ်ရာတော့ရတယ် သေချာတယ်” လို့ ၎င်းက ပြောသည်။

မတ်လ ၃ ရက်နေ့ တစ်ရက်တည်းမှာပင် ဖားဆောင်းမြို့ရှိ ကွက်သစ်ဘုန်းကြီးကျောင်း အပါအဝင် ဆေးရုံဝန်း၊ ဝန်ထမ်းအိမ်ယာ အနီးအနားကိုလည်း စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနှင့်ပါ ပစ်ခတ်ခဲ့တာကြောင့် ပျက်စီးမှု များပြားခဲ့တယ်လို့ ဖားဆောင်းဒေသခံအမျိုးသားက ဆက်ပြောသည်။

“လက်နက်ကြီးရော၊ အလုံးကြီး ပေါင် ၅၀၀ လာချသွားတာ။ ဆေးရုံရဲ့ ဝန်ထမ်းအိပ်ယာ ဝန်ထမ်းတွေနေတဲ့ အဆောင်ပေါ့နော်။ ဝန်ထမ်းအိပ်ယာ လေးထပ်အဆောင်ကတော့ ရစရာ မရှိတော့ဘူး” လို့ အဆိုပါဒေသခံက ပြောဆိုသည်။

ဒေသခံထိခိုက်သေဆုံးမှုနှင့် နေအိမ်ပျက်စီးမှု စာရင်းကို အတိအကျ သိနိုင်ရန်အတွက် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။

လက်ရှိအချိန်ထိ ဖားဆောင်းမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံများလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရသလို အရေးပေါ်စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်သူများထံမှ ကြားသိရသည်။

ကရင်နီပြည်၊ ဖားဆောင်းမြို့တွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က စပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံများဆီကနေ သိရှိရသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။