ဖားကန့် ဆိုင်းတောင် KIO/KIA အုပ်ချုပ်ရေးမှူးရုံး စီးနင်း ပစ်ခတ်ခံရပြီး ၃ ဦး သေ

0
439
Photo- NMG

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရပ်ကွက် ၃ ရှိ KIO/KIA ၏ အုပ်ချုပ်ရေးမှူးရုံး စီးနင်း ပစ်ခတ်ခံခဲ့ရပြီး ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“မနေ့ည ၁၀ နာရီ နောက်ပိုင်းကဖြစ်မှာ ဆိတ်မူ ရပ်ကွက် ၃ မှာ ဖြစ်တာ။ KIA အုပ်ချုပ် ရေးရုံးပေါ့။ ဖမ်းဆီးခံရတာတွေ ကြားတယ်။ အတိကျတော့ မပြောတက်ဘူး။ ပါတာပါ သွားတယ်။ ၃ ယောက် တော့ သေတယ်။ ဒဏ်ရာရတာ ၂ ယောက် ပစ်ခတ်ပြီးတော့ ဝင်စီးတာ၊ လက်ရှိအခြေအနေတော့ ငြိမ်နေတယ်” ဟု ဖားကန့် ဒေသခံတစ်ဦးက ဇွန်လ ၂၁ ရက် ညနေပိုင်းတွင် ပြောဆိုသည်။

စစ်ကောင်စီတပ်က ထိုသို့ ပစ်ခတ်ဝင်စီး ပြီးနောက် KIO/KIA ရုံးကို မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ဆက်ပြောသည်။

ထို့အပြင် အနီးအနားရှိ ဒေသခံပြည်သူများကိုလည်း အပြင်ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားခဲ့သည်ဟု ဆိုင်းတောင် ဒေသခံတစ်ဦးက ပြောသည်။

ဆိုင်းတောင်ဒေသခံက “ဆိုင်းတောင်က မြို့နယ်မှူးရုံး ဒီက ပြဿနာတွေကို ရှင်းလင်းတဲ့ရုံးကို သိမ်းတာတင် မကဘူး၊ မီးတောင်ရှို့ လိုက်ပြီ။ အကုန်လုံး မီးရှို့ဖျက်ဆီးလိုက်ပြီး အဲ့အနီးတဝိုက်က လူတွေရော ဖမ်းခေါ် သွားတဲ့ဟာ ရှိတယ်။ ပစ်သတ်သွားတဲ့ ဟာလည်း ရှိတယ်။ အဲ့နားတဝိုက်က လူတွေ အကုန်လုံး ဘယ်မှ မထွက်ခိုင်းဘူး။ ပိတ်မိတဲ့ လူတွေရော ရှိတယ်။ ဝန်ထမ်းတွေရော အဖမ်းခံရတယ်။ အရေအတွက်တော့ မသိရသေးဘူး။ တော်တော် များများတော့ ဖမ်းသွားတယ်လို့ ပြောတယ်” ဟု ပြောသည်။

ဇွန်လ ၂၁ ရက် ဆိုင်းတောင် ဖြစ်စဉ် အတွင်း ဖမ်းဆီးခံရသူများ ရှိပြီး ယနေ့အချိန်ထိ ၎င်းတို့၏ နောက်ဆုံး အခြေအနေကို မသိရသေးဘူးဟု ဒေသခံများက ဆိုသည်။

အလားတူ ဇွန်လ ၂၁ ရက် က ကချင်ပြည်နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် မိုးညှင်းမြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြော သည်။

“ကျမတို့ မိုးညှင်းမှာ ဒီ လူရည်ချွန်ဆိုတဲ့ ကိုယ်ပိုင်ကျောင်းရှိတယ်။ အဲ့ဒီကျောင်းရှေ့ကနေ လူနှစ်ယောက်က လာပစ် သွားတာပါ။ အဲ့လူတွေက ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတာ ဟုတ်တယ်နော်။ ဆက်တိုက် သုံး-လေးချက် ပစ် သွားတာ။ ရဲစခန်းအထဲထိ ထိတယ်။ အားလုံးလည်း လန့်ပြီး အိမ်ထဲပြေးဝင်ကြတာပေါ့” ဟု ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကိုမူ မသိရသေးဘူးဟု ၎င်းက ဆိုသည်။

ထို့အပြင် ဇွန်လ ၂၀ ရက်က ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ကားများကို တားဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာဘက်တွင်လည်း ဇွန်လ ၁၅ ရက် မှ စတင်၍ ယနေ့အချိန်ထိ စစ်ကောင်စီတပ်၊ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ်များနှင့် KIA၊ PDF ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေပြီး လမ်းတချို့ ပိတ်ထားဆဲ ဖြစ်လို့ ဒေသခံများ အခက်တွေ့နေကြောင်း သိရှိရသည်။

MNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here