ဖားကန့်၊ တာမခံတိုက်ပွဲကို စစ်ကူလာသည့်စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံး

By MPM 5 မတ်, 2024 👁

ကချင်ပြည်၊ ဖားကန့် တာမခံတိုက်ပွဲတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် ရှမ်းနီ SNA ပူးပေါင်းတပ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်များက ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးမှု ရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်များထံက သိရသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေသည့် တာမခံဘက်ကို ဖားကန့်ဘက်ကနေ ဝင်ရောက်လာသည့် စစ်ကောင်စီ ခလရ ၄၂ ၊ ခလရ ၁၂၊ ခလရ ၇၆ ပူးပေါင်းတပ်များက တာမခံကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့များက တာမခံကျေးရွာဘုန်းကြီးကျောင်းနှင့် လူနေအိမ်များတွင် တပ်စွဲနေထိုင်ချိန် KIA နှင့် PDF ပူးပေါင်းတပ်များက မတ်လ ၄ ရက်နေ့ မနက်ပိုင်းတွင် ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီ လောက်၌ စစ်ကောင်စီတပ်နှင့် ရှမ်းနီ SNA ပူးပေါင်းတပ်များကို အပြီးသတ် ရှင်းလင်းနိုင်တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုပြောဆိုသည်။

“ဒီကနေ့မှာတော့ ကျနော်တို့တပ်ဖွဲ့တွေ ရွာထဲအားလုံးကို ထိန်းချုပ်လိုက်နိုင်ပြီ။ စစ်တပ်ဘက်ကအားလုံးကို ရှင်းလင်းလိုက်ပြီ။ စစ်ကူလုပ်ဖို့ ရွာထဲမှာရှိနေကြတဲ့ အကုန်လုံးကို ရှင်းလိုက်တယ်ဆိုတော့ အကုန်ပြုတ် သွားတယ်။ လုံခြုံရေးအရဆိုတော့ အဲသလောက်ပဲပြောလို့ရအုံးမယ်”လို့ အဆိုပါသတင်းရင်းမြစ်က ပြောသည်။

ဖားကန့်ဘက်က စစ်ကူရောက်ရှိလာသည့် စစ်အင်အား ၄၀ ကျော်ပါ စစ်ကြောင်းထဲမှ ၁၀ ယောက်ကျော်သာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန် ၃၀ ကျော်ကို KIA နှင့် PDF ပူးပေါင်းတပ်တွေက ရှင်းလင်းသုတ်သင် ခဲ့တယ်လို့ ၎င်းက ဆက်ပြောသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်နှင့် ရှမ်းနီ SAN တပ် ရုပ်အလောင်းများကို ဒေသအတွင်း လူမှုကူညီရေးအသင်း ရပ်မိရပ်ဖများက ရှင်းထုတ်ဖယ်ရှားတာတွေ လုပ်ဆောင်နေတယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

“ရုပ်အလောင်းတွေကိုတော့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေကနေ ရပ်မိရပ်ဖတွေက ရှင်းထုတ်လိုက်ပြီ။ ရွာကတော့ သုံးပုံကနေ တစ်ပုံလောက်ကတော့ မီးလောင်ပျက်စီးသွားပြီ။ အခုက ရွာထဲမှာ KIA နဲ့ PDF တွေက ထိန်းချုပ်ထားပြီ” လို့ ၎င်းက ပြောဆိုသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားနေသည့် တာမခံစစ်ကောင်စီတပ်စခန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့များ ထွက်လာလို့ မရအောင် KIA နှင့် PDF တပ်များက ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

တာမခံကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တာဝန်ရှိသူတစ်ယောက်က အခုလို ပြောဆိုသည်။

“အသေများတယ်။ ဝိုင်းပစ်တာ အရှင်မထားဘူး။ အလောင်းတွေကိုမှ ထပ်သွားတာပဲ” ဟု ၎င်းက ဆိုသည်။

KIA နှင့် PDF ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၂၆ ရက်နေ့က တာမခံ စစ်ကောင်စီတပ်စခန်းကို စခန်းသိမ်းတိုက်ပွဲအဖြစ် စတင် ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်စခန်းကို အပြီးသတ် မသိမ်းဆည်းနိုင်သေးတာကြောင့် စခန်းရရှိအောင် တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောပါသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်ဘက်က တာမခံစခန်း လက်မလွတ်ရအောင် လေကြောင်းနှင့် အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောသည်။

တာမခံကျေးရွာတွင် တိုက်ပွဲပြင်းထန်နေတာကြောင့် တာမခံဒေသခံ ၅၀၀၀ ကျော်သည် ဟောင်ပါးအုပ်စုထဲရှိသည့် ကျေးရွာတချို့နှင့် ဖားကန့်မြို့ပေါ်ရပ်ကွက်များ၌ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း စစ်ရှောင်များထံက သိရသည်။

KNG ပေးပို့သည်။