ကချင်ပြည်နယ်၊ ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်အင်အားထောင်ချီ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဖားကန့်လမ်းပေါ် မအူပင်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာ ၆ ရွာက ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဖားကန့်ဒေသခံများပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီတပ်က ကားမိုင်းလမ်းနှင့် အင်းတော်ကြီးဒေသ ဂွေခါလမ်းနှစ်ဘက်ကနေ ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် လက်ရှိတွင် နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ၊ ပျားအုံ၊ တံတားညီနောင် စသည့် ကျေးရွာနေဒေသခံပြည်သူများပါ ထပ်မံတိမ်းရှောင်နေရကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ဖားကန့်ဒေသခံတစ်ဦးက ပြောပါသည်။
“မနေ့ (ဧပြီ ၂၅ ရက်) ကစတင်ပြီး ကျေးရွာတွေကနေ အကူအညီတောင်းဆိုလာတဲ့အတွက် နန့်ယာ၊ ကပ်မှော်၊ ဆိုင်းဖရာ ပြည်သူတွေကို ဖားကန့် KBC အသင်းတော်ကနေ သွားကြိုတဲ့ လုပ်ငန်းတွေကို စတင်လုပ်နေပြီဖြစ်တယ်။ အသင်းတော်မှာရှိတဲ့ကားတွေ သွားကြိုပေးနေတယ်” ဟု အဆိုပါ ဖားကန့်ဒေသခံက ပြောသည်။
ဧပြီလ ၂၄ ရက်နေ့က စတင်ပြီး ဖားကန့် ကချင်နှစ်ခြင်းအသင်းတော် KBC ဦးဆောင်မှုဖြင့် ကားအစီး ၂၀ ဖြင့် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ (တစ်ထောင်) ခန့်ကို သွားရောက်ကူညီပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်က ယခုရက်ပိုင်းတွင် ဒွမ်ဘုန်းနှင့် လဝါးကျေးရွာအထိ စစ်အင်အား ၅၀၀ ဝန်းကျင်နှင့် စစ်ကြောင်း ၃ ဖွဲ့ ခွဲကာ ဧပြီ ၂၃၊ ၂၄ ရက်နေ့တို့တွင် ဖားကန့်သွားသည့်လမ်းအတိုင်း စစ်ကြောင်းထိုးတက်လာရာတွင် ကားမိုင်းမြို့အကျော် မအူပင်ကျေးရွာ၌ KIA တပ်ဖွဲ့တို့က ခုခံတိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
ထို့ကြောင့် လဝါး၊ ကားမိုင်းလမ်းဘက်ကနေ တက်လာသော စစ်ကောင်စီတပ်အင်အား ၅၀၀ ဝန်းကျင်ခန့်က မအူပင်ကျေးရွာ၌ သောင်တင်နေဆဲဖြစ်ပြီး ဧပြီလ ၂၄ ညနေပိုင်း ၃ နာရီ ဝန်းကျင်အထိ မအူပင်ရေကာတာ အနီးတဝိုက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။
ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “အခြေအနေက စစ်ကောင်စီတပ်တွေက နည်းလမ်းပေါင်းစုံနဲ့ စစ်ကြောင်း ထိုးလာတယ်။ တပ်ရင်း ၂၆ ဘက်ကနေ စစ်ကြောင်းထိုးလာသလို မိုးကောင်းနယ်ကနေ ကားမိုင်းမှာဆုံ ဒီလို စစ်ကြောင်း ၂ ခုနဲ့ ဖားကန့်ဘက်ကို တက်လာတာ။ အခုက KIA တပ်ရင်း ၄၄ နယ်မြေတကြောမှာ တိုက်ပွဲဖြစ်နေ တယ်။ အဲဒီနေရာကျော်သွားရင်တော့ တပ်မဟာ (၉) တပ်ရင်း ၆ ဘက်ကို ဝင်ရောက်လာမှာဟုတ်တယ်။ အခု လောလောဆယ်က မအူပင်မှာပဲရှိသေးတယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီတပ် အင်အား ၅၀၀ ဝန်းကျင်ခန့်ဟာ မအူပင်ရေကာတာရွာမှ ကျော်တက်လာနိုင်ခဲ့ပါက KIA ထိန်းချုပ် နယ်မြေဖြစ်သည့် နန့်ယာ၊ ဆိုင်းဖရာ၊ ကပ်မှော် ဒေသများဘက်ကို ဝင်ရောက်လာနိုင်မည်ဟု ဒေသခံတို့က ပြောဆိုသည်။
တဖက်တွင်လည်း အင်းတော်ကြီးဒေသနှင့် လဝါး၊ ကားမိုင်းလမ်းမကြီး နှစ်ခုကနေ စစ်ကောင်စီတပ်အင်အား တစ်ထောင်ဝန်းကျင် တက်လာသည်ဟု သတင်းအရင်းအမြစ်တို့က ပြောဆိုသော်လည်း အင်းတော်ကြီးဘက်က တက်လာသည့် စစ်ကြောင်းအခြေအနေကို မသိရှိရသေးပေ။
ယင်းအပြင် ယနေ့ဧပြီ ၂၅ ရက်နေ့တွင်လည်း မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ စစ်အင်အား အလုံးအရင်း တင်ဆောင်လာသည့် စစ်ကား ၅ စီးခန့် နမ္မတီးနှင့် မိုးကောင်းမြို့နယ်ဘက်သို့ ဦးတည်တက်လာကြောင်း မျက်မြင်တွေ့ရှိသူတို့က ပြောဆိုကြသည်။
လက်ရှိ၌ တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသော ဖားကန့်သွားလမ်းပေါ်က နန့်ယားကျေးရွာအပါအဝင် ဆိုင်းဖရာနှင့် ကပ်မှော်ဒေသတို့ကို KIA ပူးပေါင်းတပ်တို့က ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဖားကန့်သွားလမ်းတလျှောက်ရှိ KIA အစိုးရ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်သည်မှာ တစ်နှစ်ပြည့်ချန်ကာလ၌ စစ်ကောင်စီတပ်ဘက်က ယခုလို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်သွားလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် KIA တပ်တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့တာကြောင့် နန့်ယာ၊ နန့်တိန့်၊ ကပ်မှော်၊ ဆိုင်းဖရာ၊ တံတားညီနောင်၊ ပျားအုံ၊ ခွမ်စိုင်ဇွပ် စသည့် ကျေးရွာတို့ ဒေသခံများသည် မကြာခဏဆိုသလို စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
KNG ပေးပို့သည်။