ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် (၁၂) မိုင်ခန့်အကွာတွင်ရှိသော ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ယနေ့ နံနက်က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၁ ဦးကျဆုံးပြီး ၁၄ ဦး အရှင်ဖမ်းမိကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ်၊ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်ထဲတွင် ၎င်းစခန်းအား ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၀)ရက် နံနက် (၅း၃၀) အချိန်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲဝန်းကျင် ပစ်ခတ်တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
ဗားရ်စခန်းတွင် တာဝန်ကျသော အကြမ်းဖက်စစ်ကောင်စီ တပ်သား (၂၅) ဦးအနက် (၁၁) ဦးမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး (၁၄) ဦးအား အရှင်ဖမ်းဆီးခဲ့သော်လည်း ရရှိထားသော ပြင်းထန်ဒဏ်ရာကြောင့် လမ်းခုလတ်တွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် (၃) ဦး ထပ်မံ သေဆုံးခဲ့သသည်ဟု ဆိုသည်။
၎င်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ အသုံးပြုသော MAI – (၃)လက်၊ MA2 – (၁)လက်၊ MA3 ~ (၂) လက်၊ MA-4 – (၁)လက်၊ G3 – (၁၂) လက်၊ MA ကျည်ဘောက် – (၂ဝ)၊ ၆၀ မမ စိန်ပြောင်း – (၂)ခု၊ ၆၀ မမ ကျည် – (၅၈) ခု၊ အီနာဂါ – (၈)ခု၊ G3 ကျည်ဘောက် – (၃၇) ခု၊ တိုက်မိုင်း – (၁၀) ခု၊ ၄၀ မမ ကျည် – (၃၃) ခု၊ လက်ပစ်ဗုံး – (၁၂)လုံး၊ ရှေ့ထွက်မိုင်း – (၅၀)၊ နင်းမိုင်း – (၅၀၀)၊ MA ကျည် – (၁,၀၀၀)ကျော် နှင့် G3 ကျည် – (၂,၅၀၀)ကျော် သိမ်းဆည်းခဲ့သည်ဖော်ပြသည်။
စခန်းကို သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး မိမိတို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ရဲဘော်တစ်ဦးက တိုင်းပြည်နှင့် လူမျိုးအတွက် မွန်မြတ်စွာ အသက်ပေးဆပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ဌေးဌေးအောင်(နိရဥ္စရာ) – ပေးပို့သည်။

ပြန်စာထားခဲ့ပါ။