ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို အပြီးသတ်သိမ်းနိုင်ရေးအတွက် ခလရ – ၂၆၈ တပ်ကုန်းတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်ပစ်ကူအများအပြားဖြင့် ခုခံလျက်ရှိသည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
မတ်လ ၁၂ ရက်နေ့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ စစ်ကောင်စီက မနက်ပိုင်းကတည်းက ဂျက်ဖိုက်တာများ၊ Y -12 နှင့် Y – 8 လေယာဉ်များ အသုံးပြုပြီး ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းမှ တနေကုန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။
“မနက်မိုးလင်း ကတည်းကနေ အခုထိ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေချပြီး တိုက်ခိုက်နေတယ်။ တော်တော်လေးများပါတယ်။ ဂျက်အစီးရေနဲ့ လာနေတာတောင် ၁၀ ခေါက်ထက်ကျော်တယ်။ Y- 12 နဲ့ရော၊ ကင်းထောက်လေယာဉ်တွေ Y – 8 တို့လည်း အခုထိ လာနေတုန်းပါ။ တော်တော်ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပါတယ်” ဟု ဆလိုင်းတီမီက ပြောသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်၍ ချင်းညီနောင်နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၄ နိုဝင်ဘာလ ၉ ရက်နေ့က စတင်၍ ထိုးစစ်ဆင်နေရာ နောက်ဆုံးလက်ကျန်စခန်းကုန်းကို သိမ်းနိုင်ရေးဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
ချင်းပူးပေါင်းတပ်ဖွဲ့သည် ဖလမ်းမြို့ပေါ်က စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး တောင်ကုန်းပေါ်တွင် တည်ရှိသော ခလရ – ၂၆၈ တပ်ရင်းသာ ကျန်ရှိသောကြောင့် ၎င်းစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ဝိုင်းဝန်း ပိတ်ဆို့၊ ဖြတ်တောက်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီသည် ရဟတ်ယာဉ်ဖြင့် နောက်ဆုံးကျန်ရှိနေသည့် ခလရ – ၂၆၈ တပ်ကုန်းကို လက်မလွှတ်ရရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းကနေ စစ်ကူအင်အား ပေးပို့လျက်ရှိသည်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိကြီးများအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို ဖမ်းဆီးရမိထားပြီး နိုင်ငံတကာဥပဒေများအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် CDF – မင်းတပ်နှင့် PDF – Zoland အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော်များ ထိခိုက်ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီဘက်မှလည်း ထိခိုက်အကျအဆုံး များပြားသည်ဟု သိရသည်။
KMG ပေးပို့သည်။