ဖယ်ခုံတွင် ထိတွေ့တိုက်ပွဲရှိနေသေးတာကြောင့် ဒေသခံများနေရပ်မပြန်ကြရန် တော်လှန်ရေးတပ်ဖွဲ့များ အသိပေးပြောဆို

By MPM 26 ဖေ‌ဖော်ဝါရီ, 2024 👁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ပေါ်တွင် နေ့စဥ်နီးပါး နှစ်ဖက်တပ်အကြား ထိတွေ့မှုရှိနေဆဲဖြစ်တာကြောင်ူ စိုးရိမ်ရဆဲ အခြေအနေရှိပြီး ဒေသခံများ နေရပ်မပြန်ကြသေးရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးတိုက်တွန်း ပြောဆိုသည်။

လုံခြုံမှုမရှိသေးသည့် အနေအထားဖြစ်နေသေးလို့ မိမိတို့၏လုံခြုံရေးကို အဓိကထား ဦးစားပေးပြီး မြို့ထဲကို ပြန်မဝင်ကြရန် ဒေသခံများအား အသိပေးပါသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“မြို့ထဲ အဝင်အထွက်လုပ်လို့ မရသေးတဲ့အနေအထားတစ်ခု ဖြစ်ပါတယ်။ လတ်တလောမှာက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေက ဆက်တိုက်ရှိနေသေးတဲ့အတွက် လူထုတွေအတွက် လုံခြုံမှုမရှိသေးတဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေ မြို့ထဲအဝင်အထွက်လုပ်ဖို့က မသင့်တော်သေးတဲ့ အခြေအနေမျိုးပါ” လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားရာ၌ ပြင်းထန်သည့် အခြေအနေမဟုတ်သော်လည်း နှစ်ဖက်ထိတွေ့မှု နေ့စဥ်နှင့်အမျှ ရှိသည့်အပြင် လှုပ်ရှားမှု တစုံတရာတွေ့ရှိသည်နှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့် ပစ်ခတ်မှုအပြင် လေကြောင်း ဒရုန်းဗုံးသီးများနှင့် လိုက်ကြဲချတာတွေ ပြုလုပ်နေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဖယ်ခုံဒေသခံများနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက “အတိအကျတော့ မသိဘူး။ အဆက်အသွယ်ရှိတဲ့သူတွေကို မေးကြည့်တာကတော့ မပြန်ကြသေးဘူးလို့တော့ ပြောတယ်။ ပြန်လို့ အဆင်မပြေသေးဘူးလို့ပဲ ပြောပါတယ်။ တိုက်ပွဲဖြစ်တာ မရှိပေမယ့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေသေးတော့ မပြန်ရဲကြသေးဘူးလို့ ပြောကြတယ်” ဟု ပြောပါသည်။

လက်ရှိတွင် ဖယ်ခုံဒေသခံများသည် ဖယ်ခုံမြို့နယ်ထဲရှိ ကျေးရွာတချို့၌ တိမ်းရှောင်နေထိုင်ကြပြီး ဖယ်ခုံမြို့ပေါ်မှ မြို့ခံများမှာ တိုက်ပွဲကြောင့် လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖယ်ခုံမြို့ပေါ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ က စပြီး နှစ်ဖက်တပ်အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ကြတာကြောင့် ဒေသခံများသည် နီးစပ်ရာမြို့နယ်များနှင့် တောတောင်တွေထဲ၌ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။