ဖယ်ခုံတွင် စစ်ရှောင်ကူညီပေးသည့် သျှမ်းဘုန်းကြီးတစ်ပါးနှင့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

By MPM 5 မတ်, 2025 👁 6

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လွယ်ပေါရွာသို့ စစ်ဘေးရှောင်လာစဉ်အတွင်း စစ်ဘေးရှောင်များကိုပါ ကူညီပေးနေသည့် သျှမ်းဘုန်းကြီးတစ်ပါးနှင့် အမျိုးသားတစ်ဉီး သေနတ်နှင့်ပစ်သတ်ခံရကြောင်း စစ်ဘေးရှောင်တို့ထံမှ စုံစမ်းသိရသည်။

မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် သျှမ်းဘုန်းကြီး ဦးဇင်းပိန်ခေါ် ဘွဲတော်ဦးဓမ္မသရနှင့် ၎င်း၏ ဒကာဖြစ်သူတို့သည် ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာသို့သွားစဉ် လမ်းခရီးတွင် သေနတ်နှင့် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“ဘုန်းကြီးက သေနတ်ဒဏ်ရာ (၈) ချက်၊ သူ့ရဲ့ဒကာက ဒဏ်ရာနှစ်ချက် ပစ်ခံရတယ်။ ဘယ်အဖွဲ့ကပစ်သွားလဲတော့ မသိရသေးဘူး။ အဲ့ဘက်မှာက ကရင်နီတပ်ပေါင်းစုရော ပအိုဝ်းပြည်သူ့စစ်ရောရှိတယ်” ဟု ထိုဖြစ်စဉ်ကိုသိရှိသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဉီးက ပြောသည်။

သျှမ်းဘုန်းကြီး ဉီးဇင်းပိန်ခေါ် ဘွဲတော်ဦးဓမ္မသရသည် ယခင်က ဖယ်ခုံမြို့ပေါ်ရှိ သျှမ်းဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်သံဃာတော်တစ်ပါးဖြစ်ပြီး၊ ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာခဲ့ပြီးနောက် စစ်ရှောင်အရေးကို ကူညီပေးနေသည်မှာ ၃ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

“ဘုန်ကြီးက ဖယ်ခုံမြို့ပေါ်ကနေ ဒီလွယ်ပေါရွာကို စစ်ရှောင်လာတာ (၃) နှစ်ရှိပြီ။ စစ်ဘေးရှောင်တွေကိုလည်း ကူညီပေးနေတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်” ဟု ၎င်းကဆိုသည်။

သေနတ်ပစ်သတ်ခံရသည့် သျှမ်းဘုန်းကြီးသည် သက်တော် (၄၇) နှစ်၊ ဝါတော် (၈) ဝါရှိပြီး ဘုန်းကြီးနှင့်အတူ သေနတ်ပစ်သတ်ခံရသည့်ဒကာသည် အသက် (၄၀) ဝန်းကျင်ဖြစ်ပြီး စစ်ဘေးရှောင်အမျိုးသားဖြစ်ကြောင်း သိရသည်။

ထို့အပြင် အသတ်ခံရသည့်သျှမ်းဘုန်းကြီးသည် စစ်ဘေးရှောင်အရေးကို အားကြိုးမာန်တက် ကူညီနေသူလည်းဖြစ်ပြီး၊ သျှမ်းစာပေကို သင်ကြားပေးသူလည်းကာ စစ်ဘေးရှောင်ပြည်သူများအားကိုးရသည့် ဆရာတော်တစ်ပါးလည်းဖြစ်ကြောင်း ဖယ်ခုံမြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဉီးက ပြောသည်။

“ဘုန်းကြီးက စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ကူညီတယ်။ စစ်ရှောင်တွေအားကိုးရတဲ့ ဘုန်းကြီးတစ်ပါးပေါ့။ နောက် သျှမ်းစာပေနဲ့ပတ်သက်ရင်လည်း သင်ကြားပေးသူဖြစ်တယ်။ သာသနာ့အကျိုးပြု ဘုန်းကြီးတစ်ပါးပါ” ဟု ၎င်းက ပြောဆိုသည်။

သျှမ်းဘုန်းကြီးနှင့် ၎င်း၏ဒကာသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ရန်ငြိုးမရှိသော်လည်း ၎င်းတို့ကို သေနတ်နှင့်ပစ်သတ်ခြင်းသည် ဘာသာရေး၊ လူမျိုးရေးသွေးခွဲမှု ပဋိပက္ခဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သွားခြင်းသာဖြစ်သည်ဟုလည်း ဘုန်းကြီး၏ဒကာများက သုံးသပ်ပြောဆိုသည်။

“ဒီဘက်မှာက အမြင်မကြည်ရင် သတ်ခံရတာများတယ်။ ဒါပေမယ့် ဘုန်းကြီးက အားလုံးနဲ့တည့်တယ်။ ရန်ငြိုးလည်းမရှိဘူး။ ဘာသာရေးလူမျိုးရေး သွေးခွဲမှုဖြစ်အောင် တမင်လုပ်တာပဲ။ စစ်ရှောင်တွေ အားထားနေရတဲ့ ဘုန်းကြီးဖြစ်တော့ နှမြောတယ်” ဟု ဖယ်ခုံဒေသခံအမျိုးသမီးက ဆက်ပြောသည်။

အဆိုပါသတင်းကိစ္စကြောင့် စစ်ဘေးရှောင် ကူညီပေးနေသူများသည့် စစ်ရှောင်ကူညီမှုများကို ရပ်နားထားကြောင်း၊ သတိဖြင့်သာ သွားလာနေရကြကြောင်း စစ်ဘေးရှောင်ကူညီပေးသည့် အမျိုးသမီးတစ်ဉီးက ပြောသည်။

“အခုက ကူညီနေတဲ့သူတွေလည်း တချို့ကရပ်နားထားကြတယ်။ ပြီးတော့ သတိနဲ့အမြဲ ကပ်ထားရတယ်။ စိုးရိမ်မှုကတော့ နေ့တိုင်းပဲရှိတယ်။ စစ်ရှောင်ကူတယ်ဆိုတာက ဟိုဘက်ဒီဘက် ပါတာမဟုတ်ဘူး။ စစ်ကြောင့် ထွက်ပြေးနေရတဲ့သူတွေကို လူသားချင်းစာနာမှုနဲ့ ကူညီနေတာဖြစ်တယ်။ ခုလို စစ်ရှောင်ကူညီနေသူတွေကို သတ်လိုက်ရင် ဘယ်သူတွေက ကူညီတော့မလဲ” ဟု အဆိုပါ စစ်ရှောင်ကူညီသူအမျိုးသမီးက ပြောသည်။

စစ်ဘေးရှောင်ကူညီပေးနေသည့်သူများကို ပစ်မှတ်ထားပြီး အသက်အန္တရာယ်ပြုမူမှုကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မဆို ယခုကဲ့သို့ ပြုမူမှုသည် ရုပ်ဆိုးသည့်လုပ်ရက်ဖြစ်ပြီး စစ်ဘေးရှောင်များကို လူသားစာနာထောက်ထားမှု ကူညီပေးစေချင်ကြောင်း စစ်ရှောင်များက ပြောဆိုသည်။

ယခုကဲ့သို့ သျှမ်းဘုန်းကြီး တစ်ပါးအသတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း -၂ (၁၀၀၆ တပ်ရင်း) က ထိုသို့ နိုင်ထက်စီးနင်းလုပ်ရပ်ကို ၎င်းတို့အနေဖြင့် ပြုလုပ်ကျူးလွန်ခြင်းမရှိကြောင်းနှင့် တရားသောအမှုမှန်ပေါ်ပေါက်ရေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များနှင့် ပူးပေါင်းကာ ၎င်းတို့တပ်ရင်းအနေဖြင့် လိုအပ်သည်များကို လုပ်ဆောင်သွားမည်ဟု မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်လာသည်။

မိုးဗြဲ၊ ဖယ်ခုံတို့မှ စစ်ရှောင်များသည် ပင်လောင်းနှင့် အခြားသောကျေးရွာများသို့ စစ်ရှောင်လာသည်မှာ ၃ နှစ်ကျော် ကြာမြင့်ပြီဖြစ်ပြီး ယနေ့ထိ နေရပ်မပြန်နိုင်ကြဘဲ စားဝတ်နေရေးအတွက် ကြုံရာအလုပ်များဝင်လုပ်ကာ ဝမ်းရေးဖြေရှင်းနေရသည်။

ယခုလက်ရှိ၌ သျှမ်း – ကယားနယ်စပ် မိုးဗြဲ၊ ဖယ်ခုံတို့တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။