မကွေးတိုင်း၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းအနီးမှ ပြည်သူများအား ထွက်ခွာသွားကြရန် သတိပေးချက်ထုတ်ပြန်ပြီးနောက် ယင်းနေရာနှင့်အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်းဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်နေ့က အဆိုပါဒေသ၌ စစ်ကောင်စီတပ်သားများ စုဝေးနေသည့်အတွက် အနီးတွင်မနေကြရန် မင်းဘူးခရိုင် အမှတ်-၇ တပ်ရင်းက ထုတ်ပြန်ပြီးနောက် ယခုလိုပွင့်ဖြူတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
“အဓိကကတော့ ရဲစခန်းကို တိုက်မယ်၊ မတိုက်ဘူး ဆိုတာထက် အနီးနားက ပြည်သူတွေ ထိခိုက်မှာစိုးလို့ပါ။ အကြမ်းဖက် စကစက စစ်ရေးပြင်နေတာကို တွေ့ရတဲ့အတွက်ပါ” ဟု မင်းဘူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ ရေယာဉ်ရွာတဝိုက်တွင် လက်နက်ကြီး၊ လက်နက်ငယ်သံများကို ဩဂုတ် ၁၇ ရက် နံနက် ၅ နာရီဝန်းကျင်မှ စတင် ကြားနေရပြီး နံနက် ၈ နာရီခွဲဝန်းကျင်အထိ ကြားနေရဆဲဖြစ်ကြောင်း ပြောဆိုသည်။
ဒေသခံများ၏ ပြောကြားချက်အရ မဲဇလီနှင့်ကျွဲခြံရွာများမှ ဖောကားများကို စစ်ကောင်စီက တိုက်ပွဲမရှိသည့်နေရာဆီ သွားမည်ဟုဆိုကာ လိမ်ညာခေါ်ယူပြီး စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း သိရသည်။
ဖောကားများနှင့်အတူ စစ်ကောင်စီအင်အား ၁၂၀ ဝန်းကျင် ပါရှိပြီး ထိုဖောကားယာဉ်မောင်းများသည် ဒေသခံပြည်သူများဖြစ်သည့်အတွက် ၎င်းတို့၏မိသားစုများက စိုးရိမ်နေကြသည်။
ရေယာဉ်ကျေးရွာသည် ပုသိမ် – မုံရွာလမ်း အနောက်ဘက်တွင် တည်ရှိပြီး မဲဇလီကျေးရွာနှင့် အနည်းငယ် ဝေးသော်လည်း စစ်ကောင်စီလက်အောက်ခံများသည် မဲဇလီတံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။
ပွင့်ဖြူဘက် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကာကွယ်ရေးအဖွဲ့များဘက်က လက်ရှိအချိန်ထိ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
သံလွင်တိုင်းမ် ပေးပို့သည်။