ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်စပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်းသေဆုံး

By MPM 19 ဩဂုတ်, 2024 👁

မကွေးတိုင်း ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်အစပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၇ ရက် နံနက် ၅ နာရီဝန်းကျင်တွင် ရေယာဉ်ရွာအဝင်၌ စစ်ကောင်စီတပ်အား ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ပြီးသည်နှင့်တပြိုင်နက် ကာကွယ်ရေးတပ်ဖွဲ့များက နောက်ဆုတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

“ကျွန်တော်တို့ကို Dead Body (အလောင်း) တွေ ပြပြီးတော့ ဒါက PDF တွေ သေတာလို့ပြောတယ်။ သူတို့က ကားနဲ့တက်လာတာလေ။ ဟိုက ဘေးက ကပ်ပစ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများကို မင်းဘူးဘက်မှလာသော မှန်လုံအန်စာတုံးကားသေး ၂ စီးဖြင့် ပုသိမ် – မုံရွာ လမ်းအတိုင်း သယ်ဆောင်သွားကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

“မနေ့က သူတို့အသားတွေဝယ်ပြီးတော့ ဝါတပ်ထဲမှာ ကိစ္စဆောင် (အသုဘလုပ်) ကြတယ်။ သေတဲ့သူတွေက တပ်ကြပ်တစ်ယောက် ပါတယ်လို့ပြောတယ်။ ဘုန်းကြီးသုံးပါးပင့်သွားတယ်” ဟု ဝါစိုက်ပျိုးရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သြဂုတ် ၁၈ ရက်က ဝါတပ်အတွင်းသို့ ဘုန်းကြီးသုံးပါးပင့်ဆောင်သွားမှုကို တွေ့ခဲ့ရပြီး စစ်ကောင်စီတပ်က အထိနာနေသည့်အတွက် PDF များ နယ်မြေစိုးမိုးမှု ရယူထားသော နေရာများဘက်သို့ ထပ်မတက်ရဲဘဲ အင်အားလိုက်စုနေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဝန်လိုကျေးရွာ၌ တပ်စွဲထားပြီး ကျောင်းကုန်းကြီး၊ ရေပုတ်ကလေးနှင့် ကနီ၊ မဒဲရွာများမှ ပျူစောထီးများကို လိုက်လံခေါ်ယူနေကာ အင်အားမပေးသည့်ရွာများကို လက်နက်ဖြုတ်သိမ်းမည်ဟုဆိုကာ ခြိမ်းခြောက်နေကြောင်း သိရသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကာကွယ်ရေးအဖွဲ့များဘက်မှ ထုတ်ပြန်ထားခြင်းမရှိသော်လည်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များတွင် ဝန်လိုရွာမှ PDF စခန်းကို သိမ်းဆည်းရမိကြောင်း ရေးသားနေသည်ကို တွေ့ရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။