ပွင့်ဖြူမြို့နယ်တွင် ပျူစောထီးတို့က ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများကို ဖမ်းဆီးနေ

By MPM 15 ဇန်နဝါရီ, 2025 👁 5

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ပျူစောထီးများက ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူများကို အဓမ္မဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ရခိုင်မှတ်ပုံတင် ၁၁/ ကိုင်ဆောင်သူ လူငယ်တစ်ဦးကို ဇန်နဝါရီလဒုတိယပတ်အတွင်း ပွင့်ဖြူ – ရှောက်တော တံတား၌ ဖမ်းဆီးသွားကြောင်း ဒေသခံများ ပြောဆိုမှုအရသိရသည်။

“အဲဒီကလေးက ရခိုင်မှတ်ပုံတင်ကိုင်လို့တဲ့ ကောင်လေးကိုင်တဲ့ဖုန်းကအစ သိမ်းတာ။ အဲဒီတံတားမှာက ပျူစောထီးတွေပဲ ရှိတာ။ ထိုးကြိတ်ပြီးတော့ ဖမ်းသွားတယ်။ အဲဒီကလေးရဲ့ ပစ္စည်းတွေကိုကြတော့ နောက်နေ့တန်းရောင်းနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဖြစ်ရပ်မျိုးမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ တံတားကိုဖြတ်လာသော ခရီးသည်များကို မကြာခဏ စစ်ဆေးကာ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ပါက ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်းများလည်း ပျူစောထီးတို့က လုပ်ဆောင်နေသည်ဟု သိရသည်။

ထို့အပြင် စစ်မှုထမ်းအတွက် စုဆောင်းမှုများလည်းရှိပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ခရီးသွား ၆ ဦးကို ပွင့်ဖြူ-စလင်းလမ်းပိုင်း ပွင့်ဖြူဘက်ခြမ်းတွင် စစ်ကောင်စီကဖမ်းဆီးမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပွင့်ဖြူ – ရှောက်တောတံတားကို လုံခြုံရေးယူထားသည့် ပျူစောထီးများက ဒေသခံစျေးသည်များကိုလည်း ဆဲဆိုခြင်း၊ အဓမ္မငွေညှစ်ခြင်များ လုပ်ဆောင်နေပြီး မကြာခဏဆိုသလို လူငယ်များအပေါ် ဦးတည်တိုက်ခိုက်မှု တို့ကို လုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။