ပွင့်ဖြူမြို့က သျှောင်ပေစူးရွာကို စစ်ကောင်စီ လေကြောင်းနှင့် တိုက်ခိုက်ခဲ့

By MPM 27 ဖေ‌ဖော်ဝါရီ, 2025 👁 4

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က သျှောင်ပေစူးကျေးရွာဟုလူသိများသည့် ရေပုတ်ကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရေပုတ်ကြီးကျေးရွာကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက လေယာဉ်နှင့်ဗုံးကြဲခဲ့ ပြီးနောက် စက်သေနတ်ဖြင့်ပါ ပစ်ခတ်မှုခဲ့သည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

“ပထမ လေယာဉ်နဲ့ဝဲတယ်။ နောက်တော့ ရွာပတ်ချာလည်ရယ်၊ ရွာထဲရယ်ကို ပစ်တယ်။ လူတွေကတော့ ပြေးရ ပုန်းရ တော့တာပေါ့။ တော်တော်ကြာကြာ ပစ်သံကြားပြီမှ ငြိမ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့လေကြောင်းနှင့် ပစ်ခတ်မှု မဖြစ်ပွားခင် လက်နက်ငယ်သံများ ကြားခဲ့ရသော်လည်း မည်သည့် အတွက်ကြောင့် ပစ်ခတ်ကြသည်ကို အတိအကျ မသိရကြောင်း ဒေသခံတို့က ပြောဆိုသည်။

လေကြောင်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီက အင်အားတိုးချမှုများ ပြုလုပ်ထားပြီး ရွာခံပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီက လေကြောင်းမှနေ၍ ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေတို့ကို အသေးစိတ်မသိရှိရသေးဘဲ နံနက် ၁၁ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ငြိမ်သွားကြောင်း သိရသည်။

စစ်ကောင်စီက ပွင့်ဖြူမြို့နယ်အတွင်း မကြာခဏဆိုသလို လေကြောင်းဖြင့်ပစ်ခတ်မှုများပြုလုပ်နေပြီး ယခုကဲ့သို့ ပစ်ခတ်မှုသည် တစ်လအတွင်း စက်တပ်လေထီးအပါအဝင် သုံးကြိမ်မြောက်ပစ်ခတ်မှုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်လည်း ပွင့်ဖြူမြို့နယ်နှင့် ဆက်စပ်နေသော စေတုတ္တရာမြို့နယ် မုံညှင်း ကျေးရွာအနီးရှိ ယာတဲစုကို စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့သည့်အတွက် ၈ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ နွား ၂၄ ကောင် သေဆုံးခဲ့ရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။