မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် (ခေါ်) အုတ်ဖိုရပ်ကွက်ရှိ ကျူးကျော်နေထိုင်နေသူများကို ပြောင်းရွေ့စေပြီးနောက် အဆိုပါနေရာတွင် စစ်မှူးထမ်းသူတို့နေထိုင်ရန်အတွက် နေရာချပေးသွားမည်ဟု သိရှိရကြောင်း မြို့ခံသတင်းရင်းမြစ်တို့က ပြောသည်။
မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အတွင်း နေအိမ်ဆောက်လုပ်ကာ ကျူးကျော်နေထိုင်နေသူတို့ကို ဧပြီလ ၁၀ ရက်နေ့မတိုင်မီ အပြီးတိုင်ဖယ်ရှားပေးရန် စစ်ကောင်စီလက်အောက် စည်ပင်နှင့် အုပ်ချုပ်ရေးမှုးအဖွဲ့တို့က စာထုတ်ပြန်ထားသဖြင့် လက်ရှိတွင် အဆိုပါရပ်ကွက်၌ နေထိုင်သူအားလုံးနီးပါး ပြောင်းရွှေ့ခဲ့ကြရသည်ဟု ဆိုသည်။
တရားဝင်ညွှန်ကြားချက် အတိအကျမရှိသော်လည်း စစ်မြေပြင်မှ ထိခိုက်ဒဏ်ရာရရှိလာသည့် စစ်မှုထမ်းသူများကို နေရာချရန်အတွက် မြေဖို့လမ်းဖောက်ခြင်းတို့ လုပ်ဆောင်နေပြီးဖြစ်ကြောင်း မော်လမြိုင်မြို့ခံများက ပြောသည်။
“အခုက စစ်မှူးထမ်းတွေအတွက် အကွက်သစ် ပြန်ရိုက်နေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ စစ်မှူးထမ်းတွေကို နေရာချ ပေးမလိုတဲ့။ စာတော့မထွက်သေးဘူးဆိုပေမဲ့ အဲ့အစီအစဉ်နဲ့လုပ်နေတယ်။ အကွက်တွေ နာမည်ပေါက်ပြီး အဲ့အကွက်ရတဲ့သူတွေက ပြန်ရောင်းချင်ရင်ရောင်းတဲ့သဘောမျိုးပဲ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
သို့သော် မြေကွက်ရိုက်၊ လမ်းဖောက်ခြင်းတို့ကို မော်လမြိုင်မြို့ပေါ်ရှိ လုပ်ငန်းရှင်တို့နှင့် စစ်ကောင်စီလက်အောက် စည်ပင်နှင့် အုပ်ချုပ်ရေးမှုးတို့က ပူးပေါင်းလုပ်ဆောင်နေသဖြင့် အဆိုပါမြေနေရာကို စစ်မှုထမ်းအတွက်မဟုတ်ဘဲ ဒေသခံတို့ထံ ရောင်းချမှု ပြန်လည်လုပ်ဆောင်နိုင်ကြောင်း အိမ်ခြံမြေရောင်းဝယ်သူတို့ကြား ပြောဆိုလျှက်ရှိသည်။
“စစ်မှုထမ်းအတွက် နေရာချပေးမယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ငွေမိုးဟော်တယ်ပိုင်ရှင်က သာယာအေး ကမ်းနား လမ်းဘက်အပိုင်းမှာ လက်ရှိမြေဖို့ဖို့ လမ်းဖောက်လုပ်ငန်းလုပ်ကိုင်နေပြီး၊ အကွက်ချရောင်းဖို့ စီစဉ် နေပါတယ်။ ပေ ၄၀ / ၆၀ ကို သိန်း ၁၂၀၀၊ ၁၄၀၀ လို့ ကြားနေရတယ်” ဟု မြို့ခံ အိမ်ခြံမြေရောင်းဝယ်သူက ပြောသည်။
လှိုင်ရပ်ကွက်အတွင်းနေထိုင်သူများ ပြောင်းရွေ့ကြရန် ပြီးခဲ့သည့် ဇန်နဝါရီလကပင် ပထမအကြိမ် စာထုတ်ပြန်သော်လည်း ဒေသခံတို့က မပြောင်းရွေ့နိုင်သေးသဖြင့် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် စစ်တပ်၊ စည်ပင်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူတို့ထံ တိုက်ရိုက်စာထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါနေရာသည် အစိုးရပိုင်မြေဖြစ်ကြောင်းနှင့် ယခင်တွင် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ရည်ရွယ်ထားပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော်နိုင်သေးသဖြင့် ရပ်ကွက်လူကြီးနှင့် မြေရှင်သူဌေးတို့က ပူးပေါင်းကာ အကွက်ရိုက်ပြီး ရောင်းချထားခဲ့ကြောင်း မြို့ခံတို့က ပြောသည်။
လှိုင်ရပ်ကွက်တွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး နေထိုင်နေသည့်မိသားစုများသည် အခြေခံလူတန်းစားများဖြစ်ကြပြီး၊ ယင်းတို့အနက် အချို့သည့် စက်မှုဇုန်များ၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတို့ဖြစ်ကြောင်း သိရသည်။
နှစ်ရှည်ကြာနေထိုင်ပြီး နိုင်ငံရေး၊ စီးပွားရေး ကျပ်တည်းစဉ်ကာလတွင် ပြောင်းရွှေ့ရသည့်အတွက် အခက်ခဲများစွာရှိနေသည်ဟု အဆိုပါရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်ရှိ လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများကို ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ စစ်ကောင်စီကနေ အင်အားသုံးဖြိုချခဲ့သေးသည်။
IMNA ပေးပို့သည်။