မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ပျူစောထီးကျေးရွာကို အလံဖြူထောင်ပြီး ပြည်သူနှင့်ပူးပေါင်းဖို့ စည်းရုံးခဲ့တဲ့ ဆရာတော်တပါးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပျူစောထီးများက သတ်ဖြတ်ပစ်လိုက်တယ်လို့ ဒေသခံတွေက ပြောသည်။
ကျေးရွာအတွင်း စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ရှားပါးနေတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရန် ရွာသားတွေကို စည်းရုံးပြောဆိုသည့်အတွက် ပျူစောထီးတွေက သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါသည်။
“ဟံသာဝတီရွာက ဦးဇင်းကျော်လွှား မနေ့က မြောက်ခင်ရမ်းရွာမှာ အသတ်ခံရတယ်။ ဒီနေ့ ဟံသာဝတီရွာကို အလောင်းပြန်ပို့တယ်။ အဲဒီဘုန်းကြီးက အရင်ရက်ပိုင်းက အလံဖြူထောင်ဖို့ ရွာသားတွေကိုဦးဆောင်တဲ့ ဘုန်းကြီးပဲ။ တောထွက်ဘုန်းကြီး ငယ်ဖြူမဟုက်ဘူး” လို့ အဆိုပါဒေသခံက ပြောဆိုသည်။
ပျူစောထီးများ သတ်ဖြတ်ခဲ့သည့် ဦးပညာဝရ (ခ) ဦးဇင်းကျော်လွှားသည် သက်တော် ၄၅ နှစ် ဝါတော် ၂၅ ဝါရှိ တိုက်အုပ်ဆရာတော်တပါး ဖြစ်ပြီး အလောင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မြောက်ခင်ရန်း ကျေးရွာကနေ သူ့ရွာဖြစ်တဲ့ ဟံသာဝတီကျေးရွာကို ပြန်လည်သယ်ယူလာခဲ့တာဖြစ်တယ်လို့ ဒေသခံများထံမှ သိရသည်။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ဂန့်ဂေါမြို့နယ်တွင် ပျူစောထီးကျေးရွာ ၇ ရွာ ဝန်းကျင်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဆိုပါရွာများကို ဖြတ်လေးဖြတ်လုပ်ပြီး ပိတ်ဆို့ထားတာကြောင့် လူသုံးကုန်ပစ္စည်းနှင့် စားနပ်ရိက္ခာ ရှားပါးနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်နေပြီဖြစ်တယ်လို့ သိရသည်။
ထိုကြောင့် ပျူစောထီးကျေးရွာ၌ နေထိုင်ကြသည့် ပြည်သူတချို့သည် ကာကွယ်ရေးအဖွဲ့တွေထံကို ခိုလှုံနေကြရာတွင် လူ ၆၀၀၀ ကျော်အထိ ရှိနေပြီဖြစ်တယ်လို့ ဒေသတွင်းအဖွဲ့များထံက သိရပါသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က အဲဒီပျုစောထီးကျေးရွာများကို လေကြောင်းကနေ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ပေးနေတာတွေလည်း ရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။