ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ကပစ ၁၆ အနီး စစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းနေ

By MPM 10 ဇူလိုင်, 2026 👁 70

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် မသုန်ကျေးရွာအနီးရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ကပစ-၁၆ ၏ ရှေ့တန်းကာကင်းစခန်းဖြစ်သည့် ပွိုင့် ၅၀၀ စခန်းပတ်ဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က ပွိုင့် ၅၀၀ စခန်းကုန်းကို အင်းအားဖြည့်တင်းမှုများ ဆက်တိုက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကပစ- ၁၆ အနီး ထိတွေ့တိုက်ပွဲ ရှိတယ်။ စစ်တပ်ဖက်က အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေရာကနေ ထိတွေ့တိုက်ပွဲဖြစ်နေတယ်။ တော်လှန်ရေးအင်းအားစုတွေဖက်က စထိုးစစ်ဆင်တာမျိုးတော့ မရှိဘူး။ စကမရဲ့ လှုပ်ရှားမှု အပေါ်မူတည်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်နေသည့် ပွိုင့် ၅၀၀ စခန်းကုန်းမှာ ကပစ ၁၆ နှင့် ၃ မိုင် အကွာအဝေးတွင် ရှိပြီး စစ်တပ်ဖက်က အင်အားဖြည့်တင်းမှုများကို ဆက်တိုက်ပြုလုပ်နေသဖြင့် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ အစောပိုင်းကလည်း ပွိုင့် ၅၀၀ စခန်းကုန်းအနီးက ကာကင်းစခန်းအချို့ကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်မှုအချို့လည်း ရှိခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် ပန်းတောင်းမြို့နယ် ညောင်ကျိုးစစ်မျက်နှာရှိ ကပစ စက်ရုံများကို ကာကွယ်နိုင်ရန်နှင့် ဆုံးရှုံးတပ်စခန်းအချို့ကို ပြန်လည်ရရှိနိုင်ရန် အင်အားဖြည့်တင်းခြင်း၊ စစ်ကြောင်းထိုး လှုပ်ရှားခြင်းများကို ဆက်တိုက်ပြုလုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ရခိုင်စစ်ရေးစောင့်ကြည့်နေသူ လူငယ်အမျိုးသားတစ်ဦးက “စစ်တပ်အနေနဲ့ ပဲခူးစစ်မျက်နှာကို လုံးဝ အဆုံးရှုံးခံမှာ မဟုတ်ဘူး။ ဘာဖြစ်လို့ဆို ပန်းတောင်းမြို့နယ်တစ်ခုတည်းမှာတင် စစ်တပ်ရဲ့ ကပစ စက်ရုံ ၄ ခု ရှိတာဟာ သူတို့ရဲ့ လက်နက်ခဲယမ်း အသက်သွေးကြောဖြစ်တယ်။ သူတို့အနေနဲ့ ပန်းတောင်းမြို့နယ်မှာ ရသမျှအင်အားနဲ့ ဖြည့်တင်းပြီး ခုခံဖို့ ကြိုးပမ်းနိုင်တယ်။ နောက်တစ်ချက်က ရခိုင်ပြည်ရဲ့ တောင်ကုတ်နဲ့ တိုက်ရိုက်ထိစပ်နေတာကြောင့် ရခိုင်ပြည်အလယ်ပိုင်းကို စစ်ရေးအရ ဖိအားပေးထားနိုင်ဖို့ သူတို့အနေနဲ့ ကြိုးပမ်းလာလို့ ပန်းတောင်းစစ်မျက်နှာမှာ တိုက်ပွဲတွေက ဆက်ရှိနေဦးမှာဖြစ်တယ်” ဟု ပြောသည်။

ပန်းတောင်းမြို့နယ်ထဲမှာ စစ်အုပ်စု၏ ကပစ စက်ရုံများအဖြစ် ကပစ-၃၊ ကပစ-၅၊ ကပစ-၆နှင့် ကပစ ၁၆ တို့ရှိပြီး ယင်းစက်ရုံများကတစ်ဆင့် လက်နက်ခဲယမ်းများကို ထုတ်လုပ်နေကြခြင်းလည်းဖြစ်သည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ၂၀၂၅ ခုနှစ် အစောပိုင်းကာလကတည်းက ပန်းတောင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်နေကြခြင်းဖြစ်ပြီး မိုးထိဗျူဟာ၊ ညောင်ကျိုးဗျူဟာအပါဝင် စစ်အုပ်စု၏ ဗျူဟာစခန်းနှင့် ပွိုင့်စခန်းကုန်း ၁၀ ထက်မနည်းကို သိမ်းပိုက်ထားသည်။

DMG