ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲက နာမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားတစ်ချို့နဲ့ ရွှေလုပ်သားတစ်ချို့ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင် အင်အား ၃၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပူတာအိုမြို့အရှေ့ဘက်ရှိ နမ့်စဘွမ်နဲ့နမ့်ခမ်းရွှေမှော်ထဲဝင်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ နမ့်စဘွမ်ကျေးရွာနေ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“မျက်စိရှေ့မှာတော့ ဘတ်ဖိုးနှစ်စီး ဖမ်းသွားတယ် နောက်ထပ်ဘယ်နှစ်စီး ဖမ်းခံရလဲ အတိအကျတော့မသိရဘူး။ ပြီးတော့ ရွှေကျင်းက ကျင်းသားခြောက်ယောက် ဖမ်းသွားတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီစစ်သားတွေဟာ နမ့်စဘွမ်ရွှေမှော်ထဲက ဘတ်ဖိုးယာဥ် နှစ်စီးထက်မနည်းနဲ့ ရွှေလုပ်သားအမျိုးသား ၆ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရပါတယ်။
“ပြန်လွတ်လာတာတော့ မကြားမိသေးဘူး စစ်သားတွေ ရုတ်တရက်ဝင်လာတော့ အကုန်ထွက်ပြေးကြတာ အခု လောလောဆယ် ရွှေမှော်တွေ အကုန်ပိတ်ထားတယ်” လို့ အထက်ဖော်ပြပါ နမ့်စဘွမ်ကျေးရွာနေ အမျိုးသားက ဆက်ပြောပါတယ်။
အလားတူ ဒီဇင်ဘာလ ၉ ရက်နေ့မှာပဲ ပူတာအိုမြို့အနောက်ဘက်ခြမ်းက မကျော့ဝါ၊ နာမ်ဟော်စတဲကျေးရွာတွေဘက်က ရွှေမှော်တွေမှာလည်း စစ်ကောင်စီစစ်သားတွေ ဝင်ရောက်လာပြီး အရပ်သားတစ်ချို့ ဖမ်းခံရတာရှိတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အချက်လက်အတိကျရရှိဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
အာဏာသိမ်းစ်စစ်တပ်က အခုလိုဝင်ရောက်ဖမ်းဆီးမှုတွေကြောင့် ပူတာအိုမြို့မြို့နယ်ထဲက ရွှေမှော်အများစု ပိတ်ထားရကြောင်းသိရပါတယ်။
လက်ရှိပူတာအိုဒေမှာ တူးဖော်နေကြတဲ့ရွှေလုပ်ကွက်တွေဟာ တရားမဝင်ရွှေလုပ်ကွက်တွေပဲဖြစ်ပါတယ်။
စစ်အာဏာမသိမ်းမီက ပူတာအိုဒေသမှာ လက်လုပ်လက်စားရွှေတူးဖော်မှုအဆင်သာရှိခဲ့ပေမယ့် စစ်အာဏာသိမ်း နောက်ပိုင်းကနေတော့ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေ အများအပြားရှိခဲ့ပြီး လက်ရှိအချိန်ထိဖြစ်ပါတယ်။
ရွှေတူးဖော်မှုတွေကြောင့် ပူတာအိုဒေသထဲက လယ်ယာတွေနဲ့ မြစ်ချောင်းအင်းအင်ပျက်စီးမှုနှုန်း ပိုပြီးဆိုးရွာလာနေတာ ဖြစ်ပါတယ်။
Kachin News Group (KNG)